ဒီမိုကရေစီ တကယ်လိုလားရင် ဖွဲ့စည်းပုံ ကို ပြင်မှဖြစ်မယ်လို့ ဒေါ်စု ပြောကြား
2012.11.22

RFA က ပုံမှန်တင်ဆက်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် အင်္ဂါနေ့က ဆက်သွယ်မေးမြန်းရာမှာ သမ္မတအိုဘားမားက မြန်မာပြည်မှာ ပြည်သူလူထုက ရွေးချယ်တဲ့အစိုးရကသာလျှင် တိုင်းပြည်အုပ်ချုပ်ခွင့်ရှိရေးကို အာမခံတဲ့ ဖွဲ့စည်းပုံဥပဒေတခု ပေါ်ပေါက်ဖို့လိုကြောင်း ပြောဆိုခဲ့တာနဲ့ဆက်နွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလိုဝေဖန်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီလိုပြုပြင်ဖို့အတွက် NLD ပါတီတခုတည်းရဲ့ သဘောထားနဲ့ ဆောင်ရွက်မှာမဟုတ်ပဲ လွတ်တော်ကိုယ်စားလှယ်အများစုနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
တဆက်တည်းမှာပဲ ဝန်ကြီးဌာနတွေက နိုင်ငံတော်ဘဏ္ဏာငွေ ကျပ်သန်းပေါင်း ၆ သောင်းခန့် အလွဲသုံးစားပြုခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီကိစ္စကို ထိထိရောက်ရောက် အရေးယူဖို့လိုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း တက္ကသိုလ်တချို့ကို သွားရောက်လေ့လာခွင့်ရခဲ့ရာမှာ အင်မတန်အားကျစရာကောင်းကြောင်းနဲ့ မကြာခင် ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန်ရေးအတွက် ကော်မတီတခုဖွဲ့စည်းဖု့ိ ကြိုးပမ်းမှာဖြစ်ကြောင်း စသဖြင့် ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောဆိုခဲ့ပါတယ်။