နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က ကျေးဇူးတင်ကြောင်းပြော
2016.04.17

မဟာသြင်္ကန်ပွဲတော်ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေနဲ့ နိုင်ငံသူ နိုင်ငံသားတွေကို ကျေးဇူးတင် ရှိကြောင်းနဲ့ နှစ်သစ်မှာ စိတ်သစ် လူသစ် မျှော်လင့်ချက် အသစ်တွေနဲ့ ဆက်လက်လျှောက်လှမ်း ကြရာမှာ နိုင်ငံသူ နိုင်ငံသားအပေါင်းက ဝိုင်းဝန်းကူညီပေးကြ ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။
နှစ်ဆန်းတစ်ရက်နေ့ ဒီနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
သြင်္ကန်ပွဲတော်ရက်တွေမှာ ပြည်သူတွေ ပျော်ပျော်ရွှင်ရွှင် ဆင်နွဲှနိုင်ဖို့အတွက် နယ်စွန်နယ်ဖျား ဒေသတွေနဲ့ မြို့ရွာတွေမှာ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့တဲ့ တပ်မတော်သားတွေ နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ တည်ငြိမ်အေး ချမ်းပြီး ပဋိပက္ခတွေနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ လျော့နည်းအောင်၊ အများပြည်သူ ဘေးကင်းလုံခြုံစွာ သွားလာနေ ထိုင်နိုင်အောင် စေတနာအပြည့်နဲ့ တာဝန်ကျေပွန်ခဲ့တဲ့ ယာဉ်ထိန်းရဲတွေ နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ ကို ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။
အလားတူ သြင်္ကန်ရုံးပိတ်ရက်ကာလမှာ အချိန်ပြည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် ရုံးလုပ်ငန်းတွေ မလစ်လပ်အောင် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို လည်း ကျေးဇူးတင်ကြောင်း ပြောပါတယ်။
ဒါ့အပြင် အမှိုက်ကင်းစင်ရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ခဲ့သူတွေ၊ အရေးပေါ် သွေးအလှူ ဆေးဝါး အလှူ၊ လူပျောက်ဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေ ကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတ လူမှုရေးအသင်းအဖွဲ့တွေကိုလည်း ကျေးဇူးတင်ကြောင်း ပါရှိပါတယ်။
ဒီနှစ်သြင်္ကန် အခါသမယမှာ တာဝန်ထမ်းဆောင်ပေးကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ကုန်မြို့ခံ ပြည်သူတွေကလည်း ချီးမွမ်းပြောဆိုကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားပါတယ်။