အကြောက်တရား အမုန်းတရားတွေ ကို လစ်လျူရှုဖို့ ပြော


2015.10.17
dassk-gwa-trip-620.jpg ရခိုင်ပြည်နယ် ဂွမြို့က ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲမှာ အောက်တိုဘာလ ၁၈ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ်
Photo: Myo Thant Khaing/ RFA

ရွေးကောက်ပွဲမှာ နိုင်မှာကြောက်လို့ အမုန်းတရား အကြောက်တရားတွေ နဲ့ ပြောဆိုစည်းရုံးနေတာတွေကို မယုံကြည်ကြဖို့နဲ့ အဲဒီလိုစည်းရုံးပြောဆိုတာတွေ ဟာ ပြည်သူတွေကို အထင်သေးစော်ကား တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ရခိုင်ပြည်နယ်ဂွမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ် စည်းရုံးရေး ဟောပြောပွဲမှာ တက်ရောက်လာတဲ့ လူငယ် တစ်ဦးက ပုဂ္ဂိုလ်ရေး လူမျိုးရေးကို အခြေခံပြီး ပြောဆို တိုက်ခိုက်မှုတွေရှိနေတဲ့အပေါ် မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ရွေးကောက်ပွဲမှာနိုင်မှာကြောက်လို့ ဒီလိုဥပဒေနဲ့မကိုက်ညီတဲ့ စည်းရုံးရေးတွေလုပ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့ အစည်းတွေကို ယုံကြည်စရာရှိလို့လားလို့ ကျမ အကြံပေးချင်ပါတယ်၊ အမုန်းတရား၊ အကြောက်တရားကို အခြေခံပြီးတော့ စည်းရုံးတယ်  ဆိုတာပြည်သူကိုစော်ကားတာပဲ၊ ပြည်သူကိုအထင်သေးတာပဲဆိုတာ သဘောပေါက်ပါ၊ ပြည်သူတွေဟာ အမုန်းတရား၊ အကြောက်တရားနဲ့ပဲဆွယ်လို့ရတယ်လို့ ထင်တဲ့ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများဟာ ပြည်သူတွေကို တန်ဖိုးမထားတာပဲ၊ ဒါကြောင့်ကိုယ့်ကိုလာပြီးတော့ ဘာသာရေးကိစ္စ၊ လူမှုရေးကိစ္စ၊ အမုန်းတရား၊ အကြောက်တရားတွေကိုအခြေခံတဲ့ ဝါဒဖြန့်ချီမှုတွေနဲ့ စည်းရုံးရင် ကျနော်တို့ကို ဘယ်လိုအဆင့်များထင်လို့လဲလို့၊ ခင်ဗျားတို့နဲ့ အဆင့်တူတယ်ထင်လို့လားလို့ ပြန်မေးလိုက်ပါ၊ ဒါဟာအာဏာရှင် များရဲ့လုပ်ရိုးလုပ်စဉ်ပါ"

ရခိုင်ပြည်နယ်ဟာ သဘာဝအရ လှပပြီးသယံဇာတပေါကြွယ်ဝတဲ့ ပြည်နယ်ဖြစ်ပေမယ့် ပြည်သူတွေဆင်းရဲနေတာ ဟာ တိုင်းပြည်ရဲ့စနစ်မကောင်း လို့ ဖြစ်ကြောင်း အဲဒီစနစ်ကို ပြောင်းလဲဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင်ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလာဒ်ဟာ အလဟသ ဖြစ်မသွားကြောင်း အဲဒီရွေးကောက်ပွဲရလာဒ်ကို အကောင်အထည် မဖေါ်ပေးပေမယ့် လက်ရှိ ၂၀၁၅ ရွေးကောက်ပွဲ ဖြစ်လာတာဟာ ၁၉၉၀ ရွေးကောက်ပွဲနိုင်ငံရေး အရှိန်အဟုန်ကြောင့် ပြောင်းလဲလာ တာဖြစ်ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂွမြို့အပြီးမှာ ရခိုင်ရိုးမကိုဖြတ်ပြီး တဖက်မှာရှိတဲ့ ဧရာဝတီတိုင်း ငါးသိုင်းချောင်း နဲ့ ကျုံပျော်မြို့တွေမှာ ရွေးကောက်ပွဲအောင်နိုင်ရေး ဆက်လက် ဟောပြောမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။