အတိုင်ပင်ခံ၊ တပ်ချုပ်တို့နဲ့ UNFC တေ့ွဆုံလိုကြောင်း ကမ်းလှမ်း
2017.12.11

အပစ်ခတ်ရပ်စဲရေး NCA မှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးဖို့ ကျန်နေတဲ့အချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ထိပ်တိုက်တွေ့ဆုံဆွေးနွေးလိုကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မနေ့ညက စာပေးပို့ကမ်းလှမ်းလိုက်ပါတယ်။
အရင်ကနှုတ်နဲ့သာ တောင်းဆိုမှုတွေရှိခဲ့ပေမယ့် တရားဝင်ဖြစ်ရေးအတွက် အခုတစ်ကြိမ်မှာ ငြိမ်းချမ်းရေး ကော် မရှင်ကနေတဆင့် စာပေးပို့ တောင်းဆိုလိုက်တာဖြစ်တယ်လို့ UNFC ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင် နိုင်အောင်မငေး က ဒီနေ့ ပြောပါတယ်။
"ပြီးခဲ့တဲ့အလွတ်သဘောဆွေးနွေးပွဲမှာ ပိတ်ဆို့မှု နည်းနည်းရှိခဲ့တယ်။ အဲဒီလိုပိတ်ဆို့မှုရှိခဲ့တာကို ဆုံးဖြတ် ချက်ချနိုင်အောင်ဆိုပြီးတော့ နှစ်ဖက်သဘောတူညီမှုရတာက ကျနော်တို့ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်တေ့ွ ဆုံလိုက်ရင် ကောင်းမယ်ဆိုပြီး ရလာတဲ့အခြေခံမူပေါ်မှာ ကျနော်တို့ UNFC ခေါင်းဆောင်တွေ အဖွဲ့ဝင်၊ အဖွဲ့အစည်းအသီးသီး ခေါင်းဆောင်တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံ လိုက်ရင် တခါတည်းနဲ့ ပြီးပြတ်မယ်၊ သူတို့ရဲ့ပြောဆိုချက်ဟာ ကျနော်တို့အတွက် အတိအကျဖြစ်မယ်ဆို ပြီးတော့ ဒါကိုမျှော်လင့်ပြီးတော့ တွေ့ဆုံဖို့ ကျနော်တို့ကမ်းလှမ်းထားတာပါ"
အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ဖို့ UNFC က တင်ပြတဲ့ အချက် ၈ ချက်ကို ငြိမ်းချမ်းရေး ကော်မရှင်နဲ့ UNFC က နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ဆွေးနွေးကြရာမှာ အပြီးသတ်ဖို့အတွက် အဓိပ္ပာယ်သတ်မှတ်ချက်၊ ခံယူချက်နဲ့ စကားလုံးတချို့ကြား နှစ်ဖက်ကွဲလွဲမှုတွေရှိနေတာကြောင့် တိုက်ရိုက်ဆုံးဖြတ် ချက်ချနိုင်မယ့် ခေါင်းဆောင်တွေ တွေ့ဆုံပြီး အလျော့အတင်းလုပ်ဖို့ စီစဉ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
UNFC ဘက်က တွေ့ဆုံခွင့် တောင်းတဲ့အပေါ် အစိုးရနဲ့ တပ်မတော်ဘက်က အမြန်ဆုံး အကြောင်းပြန်ပေးဖို့နဲ့ အကြောင်းပြန်စာကို စာပေးပို့တဲ့နေ့ကစပြီး ၁၀ ရက်အတွင်း စောင့်ဆိုင်းသွားမှာဖြစ်ကြောင်း အကြောင်းကြားစာ မှာ ထည့်သွင်းထားပါတယ်။
ဒါ့အပြင် UNFC က ပေးပို့တဲ့ အကြောင်းကြားစာမှာ နိုင်ငံရေးဆွေးနွေးပွဲကို နိုင်ငံရေးနည်းနဲ့သာ အဖြေရှာ လိုကြောင်းလည်းဖော်ပြထားပါတယ်။
UNFC ရဲ့နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPNနဲ့ လက်ရှိအစိုးရ ကိုယ်စားလှယ်တွေဟာ ၂၀၁၆ ခုနှစ်ကတည်းက NCA မှာ လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးနေတာဖြစ်ပါတယ်။ အဲဒီလိုဆွေးနွေးနေရာကနေ နောက်ဆုံး အဖြေရလဒ်ထွက်ပေါ်ဖို့အတွက် ကျန်နေသေးတဲ့အချက်တွေကို ညှိနှိုင်းအဖြေရှာဖို့ နိုဝင်ဘာလ ၁၆ ရက်နေ့က နှစ်ဘက် သဘောတူညီမှုနဲ့ ပြင်ဆင်ခဲ့ပြီးနောက် တရားဝင် ၉ ကြိမ်မြောက်အစည်းအဝေးကို အလွတ် သဘောသာ ဆွေးနွေးနိုင်ခဲ့တာဖြစ်ပါတယ်။