ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ပါဝင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အဲလိဇဘက်ဂျန်မာ
2020.01.10

ပင်လုံအစ ကချင် ကဆိုတဲ့စိတ်ဓာတ်၊ လွတ်လပ်ရေးနေ့နဲ့အတူ ဖွားမြင်လာတဲ့ ကချင်ပြည်နယ်နေ့ ဆိုတဲ့ စိတ်ဓာတ်နဲ့ ငြိမ်းချမ်းရေးအတွက် အတူ လက်တွဲသွားကြဖို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ ကျင်းပတဲ့ ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်ပေးပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။  


ငြိမ်းချမ်းရေးမှာ အားလုံးကိုပါဝင်စေချင်ကြောင်း၊ ကချင်ပြည်နယ်နေ့ အခမ်းအနား ခေါင်းစဉ်နဲ့ ပတ်သက်လို့ အငြင်းပွားစရာရှိနေတာတွေကိုလည်း  ညှိနှိုင်းဖြေရှင်းကြဖို့  ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါအပြင် ကချင်ပြည်နယ်နေ့ ကို  အကြောင်းပြုပြီး  အနာဂတ် မျှော်လင့်ချက် ရောင်ခြည်တွေ သမ်းလာအောင်၊ ပိုပြီးခိုင်မာတဲ့ အခြေခံပြည်ထောင်စုကြီးတစ်ခု ထူထောင်နိုင်ဖို့ကိုလည်း  တိုက်တွန်းခဲ့ပါတယ်။

ကချင်ပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ တပ်မတော်ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နဲ့ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်အသင်းတွေကလည်း သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။

ဒီအခမ်းအနားကို ပေးပို့တဲ့ သမ္မတ ဦးဝင်းမြင့် သဝဏ်လွှာမှာ ကချင်ပြည်နယ်ဟာ အဖိုးတန်သဘာဝ သယံဇာတပေါက်ကြွယ်ဝတဲ့ ပြည်နယ်ဖြစ်ပေမယ့် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးဘူးလို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အောင်မြင်အောင် အကောင်အထည် ဖော်နိုင်မှာလို့လည်း ပြောပါတယ်။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည် ဖော်နိုင်ဖို့ ပြည်ထောင်စု စိတ်ဓာတ်အရင်းခံပြီး ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားကြဖို့လည်း သမ္မတက တိုက်တွန်းခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ အခြေစိုက်လှုပ်ရှားတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ် ရေးထိုးဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့အစိုးရ သက်တမ်းကတည်း သတင်းတွေ ထွက်ခဲ့ပါတယ်။

လက်ရှိအစိုးရ သက်တမ်း ‌လေးနှစ်ကာလ အတွင်းမှာလည်း ပမာဏ အပစ်ရပ်စာချုပ်ကို ချုပ်ဆိုဖို့အတွက် အကြိမ်ကြိမ် တွေ့ဆုံပြီး ညှိနှိုင်းနေကြဆဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအခမ်းအနားကို တက်ရောက်ဖို့အတွက် မနေ့ကတည်းက မြစ်ကြီးနားမြို့ကို ရောက်ရှိနေတာဖြစ်ပြီး ဒေသခံလူထုနဲ့ တွေ့ဆုံခဲ့သလို ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ရုံးမှာလည်း ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ ရေးထိုးခဲ့တဲ့ ပင်လုံစာချုပ်ကို  အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဘာသာရေးဆိုင်ရာ အခွင့်အရေး မျှတမှုရှိစေဖို့၊  တော်လှန်ရေးကောင်စီ လက်ထက်မှာ  ပြည်သူပိုင်သိမ်းဆည်းခဲ့တဲ့ ခရစ်ယာန် အဖွဲ့အစည်းတွေရဲ့မြေ၊ အဆောက်အဦးတွေကို  ပြန်လည်ပိုင်ဆိုင်ခွင့်အတွက် စဉ်းစားပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုခဲ့ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုင်ငံရေးပါတီတွေ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေ၊ မျိုးနွယ်စုခေါင်းဆောင် တချို့နဲ့လည်း မနေ့က လိုက်လံတွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့ မနောပွဲအခမ်းအနား ပြီးဆုံးတဲ့နောက်မှာတော့ ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံတာရှိခဲ့သလို တောင်တန်းဒေသ ကျောင်းသား၊ ကျောင်းသူများ ပြုစုစောင့်ရှောက်ရေး ဂေဟာကိုလည်း သွားရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး အဲဒီနေ့ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့တာ အခုဆိုရင် ၇၂ နှစ် ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။