ဆေးရုံပေါ်က ဦးဝင်းတင် ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး
2011.05.28

ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်းလွဲ ၃ နာရီလောက်မှာ ဆေးရုံကို ရောက်ရှိလာပြီး ဦးဝင်းတင်နဲ့ တွေ့ဆုံသွားတယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
အရေပြားနာ မပျောက်ကင်းနိုင်တာကြောင့် ကျန်းမာရေး စစ်ဆေးဖို့ ကြာသပတေးနေ့က ဆေးရုံ စ,တက်ရပြီး အခုတော့ ကျန်းမာရေး အခြေအနေ ကောင်းမွန်လာပါပြီလို့ ဦးဝင်းတင်က အာအက်ဖ်အေကို ပြောပါတယ်။
“ကျန်းမာရေး အခြေအနေကတော့ ကောင်းတယ်လို့ ပြောရမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ခြေထောက်မှာပေါက်တဲ့ ရေယုန်အနာတွေက တော်တော်နာပြီး လမ်းမလျှောက်နိုင်ဘူး။ လူတယောက် နှစ်ယောက် အကူအညီ မရှိဘဲနဲ့ လျှောက်လို့မရတဲ့ အခြေအနေ၊ ဒါတခုပဲ။ ကျန်တဲ့ ကျန်းမာရေး အခြေအနေက တော်တော်ကောင်းတယ်။ ကျနော် ဆေးရုံရောက်တော့ အသည်းတို့၊ နှလုံးတို့၊ ကျောက်ကပ်တို့ ဆိုတဲ့ဟာတွေ Ultra Sound တွေ ရိုက်ပြီးတော့ စစ်ဆေးဖို့လိုတယ် ဆိုလို့ စစ်ဆေးပါတယ်။ အဲဒါတွေ အကုန်လုံးက ကောင်းတယ်လို့ ပြောပါတယ်”
ကျန်းမာရေး အခြေအနေ တိုးတက်လာတဲ့အတွက် ဒီ တရက် နှစ်ရက်အတွင်း ဆေးရုံက ဆင်းခွင့် ရလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဦးဝင်းတင်က ပြောပါတယ်။
ဆရာဦးဝင်းတင်ဟာ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ နှစ်ပတ်လည် အခမ်းအနားနေ့ကို တက်ရောက်ဖို့ အားခဲထားခဲ့ပေမယ့် မတက်ရောက်နိုင်ခဲ့ပါဘူး။ မေလ ၂၆ ရက်နေ့က ရေချိုးခန်းထဲမှာ ချော်လဲခဲ့ပြီးနောက် အကြီးအကျယ် ထိခိုက်ဒဏ်ရာ မရရှိပေမယ့် ဆေးစစ်ခံယူဖို့ မိသားစုဆရာဝန်က ညွှန်ကြားတဲ့အတိုင်း ဆေးရုံ တက်လိုက်ရတာ ဖြစ်ပါတယ်။