ပါတီကထုတ်ပယ်တဲ့အထိ အရေးယူမယ်လို့ ဒေါ်အောင်ဆန်း စုကြည် သတိပေး
2015.08.11

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလောင်းတွေဟာ ပါတီရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး မလိုက်နာနိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ပါတီကနေ ထုတ်ပယ်တဲ့အထိ အရေးယူသွားမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရွှေတောင်မြို့ ကြာနီကန်ရပ်ကွက်မှာ ဒေသခံတွေနဲ့ ဒီနေ့ တွေ့ဆုံစဉ် ပြောလိုက် တာဖြစ်ပါတယ်။
"ကိုယ်စားလှယ်တွေဟာ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်း စည်းကမ်းဘောင်အတွင်းက လုပ်ရမယ်၊ ကျမတို့ဟာ နိုင်ငံရေး ပါတီဖြစ်တယ်၊ နိုင်ငံရေးပါတီတစ်ခုဆိုတာ သူ့ရဲ့စည်းမျဉ်း စည်းကမ်းဘောင်ရှိတယ်၊ ဒီစည်းမျဉ်း စည်းကမ်းကို မလိုက်နာနိုင်လို့ရှိရင် လက်မခံနိုင်လို့ရှိရင် ကျမတို့ရဲ့အဖွဲ့ချုပ်အတွင်းကနေပြီးတော့ လှုပ်ရှားလို့မရပါဘူး၊ ဒါကြောင့်မို့ ကျမတို့ ကိုယ်စားလှယ်တွေက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ စောစောကပြောသလို ပြုပြင် ကြည့်မယ်၊ ပြုပြင်လို့မရလို့ရှိရင်တော့ ထုတ်ပစ်လိုက်ရုံပဲရှိတာပေါ့"
ဒါ့အပြင် ပေါင်းတည်မြို့ကို ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးဖို့ဆိုပြီး ဝန်ထမ်းတွေကို ဖိအားပေးနေတာတွေ ရှိနေတယ်လို့ ကြားနေရကြောင်းနဲ့ အဲဒီလိုလုပ်တာဟာ ဥပဒေနဲ့ ဆန့်ကျင်နေကြောင်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ရက်နေ့က မကွေးတိုင်းဒေသကြီးက မကွေး၊ စေတုတ္တတရ၊ စကုနဲ့ မင်းဘူးမြို့တွေကို ရောက်ရှိခဲ့ပြီး ဒီကနေ့ ပြည်ကနေ ရန်ကုန်ကိုအလာ လမ်းတစ်လျှောက်က မြို့တွေမှာ ဒေသခံတွေ နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကို RFA သတင်းထောက် မဇာဏီထွဏ်း ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။