အသွင်ကူးပြောင်းရေးမှာ အမျိုးသမီးတွေကဏ္ဍ အရေးကြီးကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြော
2014.12.05

နိုင်ငံရေးမှာ အမျိုးသမီးထုရဲ့ ကိုယ်စားပြုမှုဆိုတာ အစိုးရနဲ့ လွှတ်တော်အတွင်းမှာ အမျိုးသမီးအရေအတွက် ဘယ်လောက်ရှိသလဲဆိုတာနဲ့ တိုင်းတာတာမဟုတ်ဘဲ လက်ရှိဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဘယ်လောက်အထိ အကျိုးပြုသလဲဆိုတာက ပိုအရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက် ပါတယ်။
နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးဖိုရမ်မှာ ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေးမှာ အမျိုးသမီးထုကိုယ်စားပြုမှုဆိုတာ လွှတ်တော်နဲ့ အစိုးရတွင်းမှာ အမျိုးသမီးအရေအတွက် ဘယ်လောက်ရှိသလဲဆိုတာနဲ့ မဆိုင်ပါဘူး။ အပြောင်းအလဲမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လောက်အတိုင်းအတာထိ ထိရောက်အောင် အကျိုးပြုနိုင်သလဲဆိုတာက ပိုအရေးကြီးပါတယ်။ ဘယ်လောက်အထိ ထိရောက်အောင် လုပ်ပေးနိုင်သလဲဆိုတာဟာ ပစု္စပ္ပန်လိုအပ်ချက်ကို ဘယ်လောက်အထိ စဉ်းစားချင့်ချိန်နိုင်သလဲဆိုတာနဲ့ပဲ တိုင်းတာရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အပြောင်းအလဲမှာ နိုင်ငံရေးဟာ အရေးကြီးကြောင်း အမျိုးသမီးထုအနေနဲ့ နိုင်ငံရေးကို အမြဲလေ့လာသိရှိဖို့ လိုအပ်ကြောင်းကိုလည်း တိုက်တွန်းခဲ့ပါတယ်။
အဲဒီအမျိုးသမီးဖိုရမ်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက အမျိုးသမီးထုအနေနဲ့ နိုင်ငံရေး၊ စီးပွားရေးမှာ တန်းတူပါဝင်ခွင့်ရရေးအတွက် အစိုးရအနေနဲ့ ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။
"အမျိုးသမီးများ နိုင်ငံရေးမှာ တန်းတူညီမျှ ပါဝင်နိုင်ရေးအတွက် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းတွေပါ တန်းတူညီမျှရရှိရေးအတွက် ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ပါတယ်၊ အသွင်ကူးပြောင်း စ မြန်မာနိုင်ငံလို နိုင်ငံတစ်နိုင်ငံမှာ လူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြုထားတဲ့ မြန်မာအမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါပါတယ်"
နေပြည်တော် အမျိုးသမီးဖိုရမ်ကို နိုင်ငံတကာ သံတမန်တွေ၊ မြန်မာနိုင်ငံ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် တို့ အပါအဝင် စုစုပေါင်း လူ ၅၀၀ နီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။
အဲဒီအခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်တို့ ပြောကြားခဲ့တဲ့မိန့်ခွန်းတွေကို RFA သတင်းထောက် မခင်ပြည့်စုံက ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။