ထားဝယ်မှာ ဆိုင်ထိုင်စားသောက်ခွင့် အကန့်အသတ်နဲ့ပြန်ရ
2020.12.11
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ တိုင်းနဲ့ပြည်နယ်တွေက စားသောက်ဆိုင်တွေမှာ အစိုးရက ဆိုင်ထိုင်ရောင်းချခွင့် ပိတ်ထားတာ လေးလကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး နေအိမ်အပြင်မထွက်ရ သတ်မှတ်ခံရခြင်းမရှိတဲ့ နေရာတွေမှာ ကျန်းမာရေး ညွှန်ကြားချက် စည်းမျဉ်းတွေနဲ့ ပြည့်စုံတဲ့ စားသောက်ဆိုင် တွေကို အာဏာပိုင်တွေက ဆိုင်ထိုင်ရောင်းချခွင့် ပြန်လည်ခွင့်ပြုနေပါတယ်။
နေအိမ်အပြင်မထွက်ရ သတ်မှတ်ခံထားရခြင်းမရှိတဲ့ မြို့နယ်တွေမှာ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက် စံနှုန်းတွေကို လိုက်နာဆောင်ရွက်ထားလို့ A အဆင့် သတ်မှတ်ခံရတဲ့ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေဟာ ဒီဇင်ဘာ ၄ ရက်နေ့က စတင်ပြီး ဆိုင်ထိုင်စားသောက်ခွင့်ပြန်ရခဲ့တာပါ။ ဒီလိုခွင့်ပြုလိုက်ပေမယ့် စားသောက်ဆိုင်ပိုင်ရှင်တွေ၊ ဝန်ထမ်းတွေ၊ စားသုံးသူတွေ လိုက်နာရမယ့် အချက်တွေ ရှိနေပါတယ်။
ဆိုင်ထိုင်စားသုံးသူတွေကို ရောင်းချခွင့်ပြန်ရထားတဲ့ လောင်းလုံးမြို့နယ် မောင်းမကန် ကမ်းခြေမှ လင်းစက်ဦး စားသောက်ဆိုင်ပိုင်ရှင် ဦးကျော်ဌေးက ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို ပြောပြပါတယ်။
“ဆိုင်ပိတ်တာ တော်တော်ကြာပြီကွ။ ကြာပြီဆိုတာ အစတုန်းက ခဏလေးပဲ ပြန်ဖွင့်တယ်။ ပြန်ပိတ်သွားတယ်။ အဲဒီတော့ အခု ပြန်ဖွင့်ခိုင်းတဲ့အခါကျတော့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်းပေါ့နော်။ အဲဒါတွေကို လိုက်နာရမယ်။ ပြီးတော့ ဝန်ထမ်းတွေကို စားပွဲထိုးက စားပွဲထိုး သက်သက်၊ ချက်တဲ့ ပြုတ်တဲ့သူက သက်သက်၊ ကောင်တာမှာဆိုလည်း ကောင်တာက လူက ပိုက်ဆံပဲကိုင်၊ ဘာမှ မလုပ်နဲ့ သူက အဲလို ညွှန်ကြားထားတယ်။ အဲဒါတွေအားလုံးပြည့်စုံမှ လာစစ်တယ်။ ကျန်းမာရေးဝန်ကြီးဌာနရော၊ စည်ပင်ရော၊ ရဲတွေရောပေါ့။ ရပ်ကွက်က လူတွေရော၊ အုပ်ချုပ်ရေးမှူးတွေရော၊ လာစစ်တဲ့အခါကျတော့ ဒီဆိုင်ကတော့ အိုကေတယ်၊ A အဆင့်ရတယ်ဆိုရင် အဲဒီဆိုင်ကိုဖွင့်။ သူက အဲဒီလို”
တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ဒီဇင်ဘာ ၈ ရက်နေ့ ရက်စွဲနဲ့ မြို့နယ် စည်ပင်သာယာရေး အဖွဲ့တွေက စားသောက်ဆိုင်တွေထံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းကမ်းချက်နဲ့အညီ ပြင်ဆင်ထားတဲ့ ဆိုင်တွေမှာ ဆိုင်ထိုင်စားသောက်ခွင့် ပြုမယ်လို့ စာပို့အကြောင်းကြားထားပါတယ်။
မောင်းမကန်ကမ်းခြေမှာတော့ A အဆင့် သတ်မှတ်ခံရပြီး ပြန်ဖွင့်ခွင့်ရတဲ့ စားသောက်ဆိုင် ၃၅ ဆိုင်လောက်ပါတယ်။ လက်ရှိမှာ နယ်မြေကျော်လွန် ခရီးသွားလာခွင့်တွေ ပိတ်ထားဆဲဖြစ်တာမို့ ကမ်းခြေစားသောက်ဆိုင်တွေက ကျေးရွာအနီးအနားက လာရောက်အပန်းဖြေကြတဲ့ ဒေသခံတွေကိုပဲ မျှော်လင့်နေကြရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားရေးကာလ အခြေအနေတွေကြောင့် စားသောက်ဆိုင်တွေကို ပါဆယ်ရောင်းချခွင့်သာ ခွင့်ပြုခဲ့တဲ့ အချိန်တွေမှာ ဆိုင်အားလုံးဟာ အရောင်းအဝယ်အေးသွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရပြီး တချို့ဆိုင်တွေက ပိတ်ထားခဲ့ရတာပါ။
ဆိုင်ပိုင်ရှင်တွေ အကြပ်ရိုက်ခဲ့သလို အလုပ်သမားတွေလည်း အခက်အခဲ တွေ့ခဲ့ပါတယ်။ ဆိုင်ပိတ်ထားတဲ့ကာလတွေမှာ လုပ်ခလစာ အပြည့် မရပေမယ့် အတိုင်းအတာတစ်ခုကို ပြေလည်ခဲ့တယ်လို့ ထားဝယ်မြို့၊ ခုံဝင်ဒပ်ရပ်က မြိတ်ချယ်ရီ ကဖီးဆိုင်က အဖျော်ဆရာ ကိုမောင်နိုင်က ပြောပြပါတယ်။
“အရင်တုန်းကလိုတော့ အဆင်မပြေဘူးပေါ့။ ဆိုင်က ပိတ်ထားတာကိုး။ ဆိုင်ရှင်ကိုလည်း ပြန်ကြည့်ရမယ်လေ။ ကျွန်တော်တို့မှာ အလုပ်သမားတွေတော့ မဖြုတ်ဘူး။ အကုန်လုံး ပုံမှန်ခန့်ထားတာပေါ့ ဒါပေမဲ့ လစာအကုန်လုံး လျှော့ပြီးယူထားတယ်။ အလုပ်သမားနဲ့ ဆိုင်ရှင်နဲ့ နားလည်မှုရှိလို့”
ထားဝယ်မြို့ ဒေါင်းငူရပ်ကွက်က ပိုင်ပိုင် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုပိုင်ပိုင်ကတော့ ဆိုင်ပြန်ဖွင့်နိုင်ဖို့ သက်ဆိုင်ရာဌာနတွေက လာရောက်အကြောင်းကြားတာ မရှိသေးကြောင်း ပြောပါတယ်။
“ကျန်းမာရေးညွှန်ကြားချက်က အပေါ်က တိတိကျကျ မဆင်းလာသေးဘူး။ ဘာလိုက်နာရမယ်။ ဘာရှိတယ်၊ ဘာဆောင်ရွက်ရမယ်၊ ဘယ်လိုလုပ်ရမလဲ၊ ညွှန်ကြားချက် တိတိကျကျ မဆင်းလာသေးဘူး။ ဆိုင်ဖွင့်လို့ရပြီ ပြောတာပဲ။ ကျွန်တော်တို့နားကို ဘာမှမလာသေးဘူးနော်။ အခုအချိန်ထိ ဘာမှမလာသေးဘူး။ အခု တစ်ခေါက်ကတော့ ၂ လကျော်ကျော် ပိတ်ရတယ်၊ အရင်တုန်းက ၃ လ ကျော်ကျော် ပိတ်ရတယ်”
ထားဝယ်မြို့နယ်ထဲမှာတော့ A အဆင့် သတ်မှတ်ခံရလို့ ဆိုင်ထိုင်စားသောက်ခွင့်ရတဲ့ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင် ၄၈ ဆိုင်ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
လက်ရှိ A အဆင့် သတ်မှတ်ချက်နဲ့ ဆိုင်ပြန်လည်ဖွင့်လှစ်နေကြတဲ့ စားသောက်ဆိုင်တွေကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်တဲ့ အဖွဲ့တွေက ရှောင်တခင် စစ်ဆေးသွားမှာဖြစ်ပြီး ကူးစက်ရောဂါ ပြန့်ပွားမှုမရှိအောင် လိုက်နာမှု မရှိတဲ့ ဆိုင်တွေကို အရေးယူသွားမယ်လို့ ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က စားသောက်ဆိုင်တွေထံ ပေးပို့တဲ့ အသိပေးစာမှာ ဖော်ပြထားပါတယ်။