မှုခင်းကျဆင်းရေးအတွက် မန္တလေးတိုင်းလွှတ်တော်နဲ့ အငြိမ်းစားရဲအရာရှိတွေ ပူးပေါင်း ဆောင်ရွက်မည်
2017.07.23

မန္တလေးတိုင်းအတွင်း ကြန့်ကြာနေတဲ့ မူခင်းတွေကို အမြန်ဖော်ထုတ်နိုင်ရေးနဲ့ မူခင်းကျဆင်းရေးအတွက် တိုင်းဒေ သကြီးလွှတ်တော်နဲ့ အငြိမ်းစားရဲအရာရှိတွေ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး က ပြောပါတယ်။
မန္တလေးတိုင်းတွင်း မဖော်ထုတ်နိုင်သေးတဲ့ အမှုတွေ ဘာကြောင့် ကြန့်ကြာနေရလဲဆိုတာကို အငြိမ်းစားရဲအရာရှိတွေနဲ့ ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဦးအောင်ကျော်ဦးကပြောပါတယ်။
"ကိုယ်စားလှယ်တွေက သူတို့ သက်ဆိုင်ရာမြို့နယ်တွေမှာ အမှုအခင်းတွေ တချို့ဟာတွေ မဖော်ထုတ်နိုင်တာတွေရှိတယ်၊ မဖော်ထုတ်နိုင်တာက ဘာကြောင့် မဖော်ထုတ်နိုင်တာလဲ အရင်တုန်း ကတော့ အမှုတွေ ဖော်ထုတ်နိုင်ပြီးတော့ အခုကြတော့ မဖော်နိုင်ဘူးပေါ့ ၊ ဒါတွေဟာ ဘာအားနည်းချက် လဲဆိုတာကို သူတို့က ကျနော်ဆီကို တင်ပြတယ်။တင်ပြတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲ တိုင်ပင်တဲ့အခါကြတော့ အငြိမ်းစားရဲဝန်ထမ်းတွေ သူတို့ကိုခေါ်ပြီးတော့ မေးမယ်၊ အပြင်မှာ အချက်အလက်အစစ်အမှန်ရအောင် ဒါကိုအရင်ဆုံးစဉ်းစားပြီးတော့ လုပ်တာပါ"
ရရှိလာတဲ့ ဆွေးနွေးအကြံပြုချက်တွေကို တိုင်းအစိုးရအဖွဲ့ဆီတင်ပြပြီး မူခင်းတွေဖော်ထုတ်နိုင်ဖို့ တိုင်းအစိုးရရဲ့ ညွှန်ကြားချက်နဲ့ လက်ရှိ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မန္တလေးမှာ မဖော်ထုတ်နိုင်ဘဲ ကြန့်ကြာနေတဲ့ အမှုကိစ္စတွေကို အမြန်ဆုံး ဖော်ထုတ်နိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
မန္တလေးတိုင်းတွင်းမှာ အခုနောက်ပိုင်း လုယက်မှုတွေ အဖြစ်များလာပြီး ပြည်သူလူထု အကူအညီနဲ့ ဖော်ထုတ် ဖမ်းဆီးရမိတာတွေ ရှိပေမယ့် လူသတ်မှုတွေ မှာတော့ ဖော်ထုတ်နိုင်မှုအားနည်းနေတယ်လို့ သိရပါတယ်။
အခုနောက်ပိုင်းမန္တလေးမှာ အဖြစ်များနေတဲ့ လုယက်မှုကိစ္စတွေမှာ နောက်ကွယ်အကြောင်းအရင်းက မူးယစ်ဆေး ဝါးသုံးစွဲတာတွေရဲ့ အကျိုးဆက်ကြောင့် အဖြစ်များလာတာလို့ ယူဆကြောင်းလည်း ဦးအောင်ကျော်ဦးကပြော ပါတယ်။