ဒီးမော့ဆိုမှာ စစ်ကောင်စီတပ်နဲ့ KNDF ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲပြင်းထန်နေ
2023.05.19

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ မေလ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီ တပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လျက်ရှိတယ်လို့ အမည်မဖော်လိုတဲ့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"တိုက်ပွဲက မတ်လလောက်ထဲက ဖြစ်နေတာပေါ့နော်။ ကြားထဲမှာ တိုက်ပွဲပြင်းထန်ပြီး ခဏ ပြန်ငြိမ်သွားသေးတယ်။ အခု တိုက်ပွဲပြန်ဖြစ်လာတာကတော့ တစ်ပတ်လောက် ရှိတော့မယ်။ အရင်က စစ်ကြောင်းတွေ ပြန်ထိုးလာတော့ ထိတွေ့မှု ပြန်ဖြစ်တဲ့ သဘောမျိုးပါ"
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် မေလ ၁၉ ရက်နေ့ ဒီနေ့ မနက်ပိုင်းအထိ ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNDF တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီက ဘောလခဲ၊ ဒီးမော့ဆိုနဲ့ ဖယ်ခုံမြို့နယ်အတွင်းကို ပြီးခဲ့တဲ့ တစ်ပတ်လောက် က စပြီး လေကြောင်း တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်လုပ်လာပြီး မြေပြင်ကနေလည်း စစ်ကြောင်းတွေ ပိုထိုးလာနေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တယ်လို့ KNDF တာဝန်ရှိသူက ဆိုပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံး ထိခိုက်မှုတွေရှိပေမယ့် လက်တလောမှာ အခြေအနေ အသေးစိတ်ကို ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။
အခုရက်ပိုင်း တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘောလခဲမြို့နယ်မှာ အရပ်သားတစ်ဦး သေဆုံးခဲ့သလို စာသင်ကျောင်း၊ ဆေးရုံနဲ့ လူနေအိမ်တွေပါ ပျက်စီးမှုရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု PKPF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ဘောလခဲမြို့နယ်ထဲက စောလုံရွာမှာဆိုရင် အခုလ ၁၇ ရက်နေ့က လေကြောင်းကနေ လာပစ်လို့ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်ပေါ့နော်။ အဲဒီနေရာက ထူးခြားတာက ကရင်နီစော်ဘွားတွေရဲ့ ဟော်နန်းအခြေပြုထားတဲ့ရွာပေါ့။ အဲဒီမှာဆို တိုက်ပွဲဖြစ်တာ လည်း မရှိဘူးနော်။ လာပစ်သွားတာ"
ပျက်စီးသွားတဲ့ ဆေးရုံ၊ စာသင်ကျောင်းနဲ့ လူနေအဆောက်အအုံ အရေအတွက်ကိုတော့ လတ်တလောမှာ စာရင်းပြုစုနေဆဲဖြစ်တာကြောင့် ပြန်လည်သတင်းထုတ်ပြန်ပေးမယ် လို့လည်း PKPF တာဝန်ရှိသူက ဆိုပါတယ်။
တိုက်ပွဲနဲပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလ တစ်လအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော် KA၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်မတော် KNDF ၊ PDF ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲပေါင်း ၅၀ အထိဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၀၈ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ KNDF က မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။