ဒီးမော့ဆိုနဲ့ ဖရူဆိုလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေ
2023.08.23

ကယားပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စု လမ်းမကြီးပေါ်က ငွေတောင်ရွာသစ်အနီးမှာ ဩဂုတ်လ ၂၃ ရက် မနက်ကနေ နေ့လယ်အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ တယ်လို့ ကရင်နီအမျိုသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပြန်ကြားရေးတာဝန်ရှိသူက RFA ကိုပြောပါတယ်။
"ဒီနေ့မနက်ကနေ နေ့လယ်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေတာ မှန်ပါတယ်။ လေကြောင်းကနေ နှစ်ကြိမ် လာတိုက်ခဲ့တယ်။ သူတို့ ဒီလမ်းကြောင်းကို စိုးမိုးချင်တာလို့ ယူဆရတာပေါ့။ ပြည်ထောင်စုလမ်းမကြီးလည်းဖြစ်နေတော့ ထောက်ပို့အတွက် အရေးပါတော့လေ။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီးတော့ တိုက်ခိုက်နေပါတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေတယ်လို့ ပြောလို့ရပါတယ်"
ရိက္ခာထောက်ပို့ဖို့အရေးပါတဲ့ အဲဒီလမ်းပိုင်းကို ထိန်ချုပ်နိုင်ရေး တပ်မ (၅၅) လက်အောက်ခံ ခမရ (၁၁၂) နဲ့ ခလရ (၃) က အင်အားသုံးရာလောက်နဲ့ အခုလ ၂ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေနေ့စဉ် ဖြစ်နေတယ်လို့ KNDF သတင်းပြန်ကြားရေးတာဝန်ရှိသူက ဆိုပါတယ်။
အမည်မဖော်လိုတဲ့ ဖရူဆိုမြို့နယ်ဒေသခံတစ်ဦးကလည်း ဒီမနက်ပိုင်း ငွေတောင်ရွာသစ် ဘက်မှာ တိုက်ပွဲပြင်းထန်နေပြီး လေယာဉ်နဲ့လာပစ်သံတွေကို ကြားနေရတယ်လို့ RFA ကိုပြောပါတယ်။
တိုက်ပွဲဖြစ်တဲ့ ဒီးမော့ဆို၊ ဖရူဆိုလမ်းပိုင်းဟာ ကုန်စည်သယ်ဆောင်တဲ့ လမ်းပိုင်းလည်း ဖြစ်တာကြောင့် တိုက်ပွဲကြာရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာပြတ်တောက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၁၀ ရက်ကနေ ၁၂ ရက်အထိ ငွေတောင်ရွာသစ်နဲ့ ထီးသော်ကူးရွာတွေအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးတစ်ဦးနဲ့ ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် ခုနစ်ဆယ်ဝန်းကျင် သေဆုံးသလို စစ်လက်နက်ပစ္စည်းများစွာ သိမ်းဆည်း ရမိတယ်လို့ KNDF က ဩဂုတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း ကရင်နီတပ်မတော် KA ရဲ့ ဒုတိယဗိုလ်တစ်ဦးနဲ့ KNDF/BO 1 က ရဲဘော်တစ်ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ သေဆုံးတယ်ဆိုတဲ့အပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင် သလို စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
KNDF ဘက်ကတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တာကြောင့် အဲဒီလမ်းပိုင်းတွေမှာ ခရီးသွားလာတာ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။