ဒီးမော့ဆိုမှာ လက်နက်ကြီးကြောင့် ကလေးနှစ်ဦး အပါအဝင် လေးဦးဒဏ်ရာရ

RFA Burmese
2023.01.24
ဒီးမော့ဆိုမှာ လက်နက်ကြီးကြောင့် ကလေးနှစ်ဦး အပါအဝင် လေးဦးဒဏ်ရာရ ဒီးမော့ဆိုမြို့နယ်တွင် လက်နက်ကြီးကျရောက်သဖြင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့အရှေ့အခြမ်းက စစ်ဘေးဒုက္ခသည် ၁၀၀ ခန့်ရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုအတွင်း ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၉ နာရီခန့်မှာ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက်နှစ်နှစ်နဲ့ ငါးနှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် လေးဦးဒဏ်ရာရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ဒဏ်ရာရတဲ့အထဲမှာ အသက် ၃၀ ခန့်အမျိုးသမီးကတော့ ခြေထောက်နှစ်ဖက်စလုံး ဖြတ်ရမယ့်အခြေအနေ ဖြစ်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက RFA ကို ပြောပါတယ်။

“သူတို့က မိသားစုပေါ့နော်။ ညအိပ်တဲ့အချိန်မှာ လက်နက်ကြီးကျလာတာ။ အမေဖြစ်သူက ခြေထောက်နှစ်ဖက် လုံးဝဖြတ်လိုက်ရမယ့် အခြေအနေပေါ့နော် ပြင်းထန်တယ်လို့ ပြောရမယ်။ အဖေရော၊ ကလေးနှစ်ယောက်စလုံးက ပေါင်နဲ့ခြေထောက်တွေမှာ ထိသွားတယ်”

လက်ရှိ ဒဏ်ရာရသူတွေကို နီးစပ်ရာ ကျန်းမာရေးဌာနမှာ ဆေးကုသမှုပေးနေပြီး လုံခြုံရေးအခြေအနေအရ အမည်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

အဲဒီလက်နက်ကြီးကျည်ဟာ ဒီးမော့ဆိုအခြေစိုက် (ခလရ-၁၀၂) တပ်က ပစ်ခဲ့တာလို့ ကိုဗညားကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ကစလို့ ဒီးမော့ဆိုမြို့နယ်ထဲကို စစ်အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေသလို နေ့စဉ်နီးပါး လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒီးမော့ဆိုအခြေစိုက် ကရင်နီပြည်သူ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး လက်ရှိ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စာရင်းအရ ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်တွေမှာ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၂၂ ရက်နေ့အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံ လေးဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။