လားရှိုးမြို့မှာ ကလေးငယ် ၆၀ ကျော် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွား
2015.08.09
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ဆေးရုံမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ် ၆၀ ကျော်နဲ့ လူကြီးတွေပါ တက်ရောက်ကုသနေကြရပြီး အသေအပျောက်တွေလည်း ရှိနေပါတယ်။
အသက်ငါးနှစ်အောက် ကလေးငယ်တွေ အများစုဖြစ်ပွားနေပြီး ဒီရက်ပိုင်း အတွင်းမှာပဲ ကလေးငယ် အယောက်ခြောက် ဆယ်လောက် တက်ရောက်ကုသခံ ယူနေတယ်လို့ လားရှိုးပြည်သူ့ဆေးရုံက ကလေးအထူးကုဆရာဝန်ကြီး ဒေါက် တာ ဒေါ်မြင့်မြင့်သိန်းက ပြောပါတယ်။
"သွေးလွန်တုပ်ကွေးက ဇွန်လမှာ ဆေးရုံတက်တဲ့သူနည်းနည်းလေးပိုလာတယ်၊ ဇူလိုင် လကိုရောက်လာတော့ သိသိသာသာလူဦးရေတက်လာတယ်၊ ဇူလိုင် လမှာ ၂၀၀ ကျော်လောက်တက်ပါတယ်၊ သြဂုတ်လမှာ လက်ရှိအချိန်ထိ ၆၅ ယောက်တက်ပြီး သွားပြီ၊ အသက်အပိုင်းအခြားကတော့ အများဆုံးကတော့ ၅နှစ်နဲ့ ၁၀နှစ်ကြားက အများဆုံးပါဘဲ၊ ၁ နှစ်အောက်ကလေးတွေမှာ အများစုကတော့ ၂ လ၊ ၃ လလောက်ကို ငယ်တဲ့ကလေးတွေလာတာလည်း တွေ့ရပါတယ်၊ ၁ နှစ်အောက်ကလေးတွေဆို ကျမတို့က ပိုအရေးကြီးတယ်လို့ သတ်မှတ်တယ်"
ပြီးခဲ့တဲ့ ဇွန်လလောက်ကတည်းက လားရှိုးမြို့မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားနေ တာဖြစ်ပြီး ဇူလိုင်လ တစ်လလုံးမှာ ကလေး အယောက် ၂၀၀ လောက် တက်ရောက်ကုသခံယူခဲ့ရကာ နှစ်ဦး သေဆုံးခဲ့ပါတယ်။ ဆေးရုံရောက်လာတဲ့ ကလေးအများစုဟာ လားရှိုးမြို့ပေါ်ကဖြစ်ကြပြီး အနီးအနား ကျေးရွာတွေကလည်း လာရောက်ကုသခံယူနေကြရ ပါတယ်။
အရေးပေါ် သွေးသွင်းဖို့အတွက် ဒေသခံအရပ်ဖက်လူမှုအဖွဲ့အစည်းတွေကလည်း သွေးလာရောက်လှူဒါန်းနေရတယ်လို့ သိရပါတယ်။
လားရှိုးဆေးရုံ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ဇင်ဇင်သန်းဝေကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။