ဒီဂျစ်တယ်အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ အသံအဖွဲ့ ထုတ်ပြန်

2020.12.24
ဒီဂျစ်တယ်အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ အသံအဖွဲ့ ထုတ်ပြန် အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ရသေ့တောင်မြို့နယ် မယူကမ်းဒေသက ဆက်သွယ်ရေး တာဝါတိုင်များကို ဒီဇင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

အစိုးရက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာဟာ အဲဒီဒေသအတွက် ဒီဂျစ်တယ်အခွင့် အရေးချိုးဖောက်ခံနေရတယ်လို့ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်တွေအတွက် လှုပ်ရှားနေတဲ့ အသံအဖွဲ့က မနေ့က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေနဲ့ အဲဒီဒေသက သတင်းအချက်လက် ရပိုင်ခွင့်နဲ့ ဒီဂျစ်တယ် အခွင့်အရေးတို့အပေါ် လေ့လာဆန်းစစ်ခြင်း သုတေသနအစီရင်ခံစာကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ကပ်ရောဂါ ကူးစက်ပြန့်ပွားနေတဲ့အချိန်မှာ သတင်းအချက်လက်တွေကို အင်တာနက်ကနေ ရယူနိုင်ပေမယ့် ရခိုင်ပြည်နယ်က ဒေသခံတွေကတော့ အဲဒီအခွင့်အရေးတွေ မရခဲ့တာ၊ အင်တာနက်ရတဲ့ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အစိုးရအဖွဲ့ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေ ဝေဖန်လို့ တရားစွဲခံရတာ၊ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရေးသတင်းတွေတင်တဲ့ ရွှေပြည်မြေလို သတင်းဌာနရဲ့ ဝဘ်ဆိုက် အပိတ်ခံရတာ၊ တချို့ နည်းပညာနဲ့ပတ်သက်တဲ့ စာမျက်နှာတွေ ဝင်ကြည့်လို့မရတာတွေစတဲ့ ချိုးဖောက်ခံရတာတွေ ရှိနေတယ်လို့ အသံအဖွဲ့က မပန်ဆုပြည့်အိမ်က ပြောပါတယ်။

ထိခိုက်နစ်နာမှု အများဆုံးရင်ဆိုင်နေရတာကတော့ ရခိုင်ပြည်နယ်အနောက်ပိုင်းဖြစ်ပြီး တစ်နှစ်ကျော်ကြာအောင် အင်တာနက် ဖြတ်တောက်ခံထားရကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ ကျန်းမာရေးတွေမှာ နစ်နာခဲ့ရတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကိုလည်း လူ့အခွင့်အရေး စံချိန်တွေနဲ့ မကိုက်ညီတဲ့ တည်ဆဲဥပဒေတွေကိုသုံးပြီး အရေးယူနေတာတွေ၊ လွတ်လပ်စွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် စတဲ့ ဒီမိုကရေစီ အခြေခံအခွင့်အရေးတွေကိုပါ ဆက်ပြီးချိုးဖောက်ခံရတာတွေ ရှိနေတယ်လို့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။

အစိုးရအနေနဲ့ အင်တာနက်သုံးစွဲသူတွေအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်လက်လုံခြုံမှုနဲ့ ဒီဂျစ်တယ်အခွင့်အရေး ရပိုင်ခွင့်တွေကို အာမခံပေးဖို့၊ ဆက်သွယ်ရေးဥပဒေပါ ပုဒ်မတွေကို ဖျက်သိမ်းပေးဖို့ စတဲ့အချက်တွေအပါအဝင် အချက် ၆ ချက်ကို တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။