ရခိုင်ပြည်နယ်ကို လွတ်လပ်စွာ သွားရောက် ကူညီခွင့်ပေးဖို့ ၁၄ နိုင်ငံ သံတမန်တွေ တိုက်တွန်း


2016.12.09
maungtaw-police-620 ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ လုံခြုံရေးကို ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်
ဓါတ်ပုံ - ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း

မြန်မာနိုင်ငံရှိ နိုင်ငံခြားသံတမန်တွေက ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို လူသားချင်းစာနာမှု အကူအညီတွေ ကန့်သတ်တားဆီးမှုမရှိပဲ သွားရောက် ကူညီခွင့်ပေးဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်ပြည်ထောင် စု၊ ပြင်သစ်၊ နယ်သာလန် စပိန်နဲ့ တူရကီ အပါအဝင် အနောက်နိုင်ငံ ၁၄ နိုင်ငံက သံအမတ်တွေ စုပေါင်းထုတ်ပြန် တဲ့ သောကြာနေ့ ကြေညာချက်မှာ မောင်တောဒေသက အခြေအနေတွေကို စိုးရိမ်ပူပန်ကြောင်း၊ မြန်မာအစိုးရက အဲဒီဒေသကို လူသားချင်းစာနာမှု အကူအညီတွေ ပြန်လည်ပေးအပ်ကူညီခွင့်ပြုမယ်လို့ သဘောတူညီခဲ့တာကို ကြိုဆိုပါကြောင်း၊ ဒါပေမယ့် အဲဒီလိုသွားရောက်ကူညီခွင့်ကို အချိန်မဆိုင်းပဲ ခွင့်ပြုစေလိုပါကြောင်း၊ ဒီကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်အားလုံးက ဝိုင်းဝန်းဖြေရှင်း ပေးကြစေလိုကြောင်း ဖေါ်ပြထားပါတယ်။

သံတမန်တချို့ရဲ့ပြောဆိုချက်အရ ကယ်ဆယ်ထောက်ပံရေးပစ္စည်းတွေ သွားရောက်ပေးပို့တာကို အစိုးရထိပ်ပိုင်း က ခွင့်ပြုပေမယ့် ရခိုင်ဒေသမှာရှိ တဲ့ မြန်မာတပ်ဖွဲ့တွေက အဲဒီနိုင်ငံတကာအဖွဲ့တွေကို ပြန်လွတ်ခြင်း ဒါမှမဟုတ် နှောင့်နှေးကြန့်ကြာအောင် ကန့်သတ်တားဆီးခြင်းတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
နိုင်ငံခြားသံတမန်တွေရဲ့ မနေ့က တိုက်တွန်းချက်မှာ အဲဒီဒေသမှာရှိတဲ့ လူထောင်ပေါင်းများစွာဟာ အကူအညီတွေ မရတာ ၂ လခန့်ရှိပြီဖြစ်လို့ အထူးလိုအပ်နေကြပြီဖြစ်ကြောင်းနဲ့ အဲဒီလူတွေထဲမှာ အဟာရချို့တဲ့နေတဲ့ ကလေး သူငယ်တွေလည်း အများအပြားပါဝင်နေကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တရားဥပဒေ ပြန်လည်စိုးမိုးရေးနဲ့ ဆက်နွယ်တဲ့ ပြဿနာတွေကိုလည်း မြန်မာအစိုးရနဲ့ မိမိတို့ ဆက်လက်ဆွေးနွေးနေကြောင်း လုံခြုံရေးအဖွဲ့တွေဟာ အရပ်သားအားလုံးကို ခွဲခြားမှုမရှိပဲ တန်းတူညီမျှ အကာအကွယ်ပေးဖို့ လိုအပ်ကြောင်း စသဖြင့်လည်း သံတမန်တွေရဲ့ စုပေါင်းကြေညာချက်မှာ ရေးသားထား ပါတယ်။

ဒီအတောအတွင်းမှာပဲ အစိုးရပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘုတ်စာမျက်နှာမှာတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ကမ္ဘာ့ကုလသမဂ္ဂ ပူးပေါင်းကာ မနေ့ နံနက်ပိုင်းက မောင်တော မြို့နယ်အတွင်းရှိ ကျေးရွာတွေကို သွားရောက်၍ UNHCR မှ ထောက်ပံ့ပေးအပ်သည့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ပစ္စည်းများကို ပေးအပ် ခဲ့ကြောင်း၊ ဂေါ်ဒူသာရ ကျေးရွာအုပ်စု ရွှေဗဟိုကျေးရွာက လူဦးရေ ၁၅၀နှင့် ဒူချီးရာတန်း ကျေးရွာအုပ်စု၊ မြောင်ရွာ (အရှေ့ရွာ) ရှိ လူဦးရေ ၅၆ ဦးတို့ကို မီးဖိုချောင်သုံးနဲ့ လူသုံးကုန် ပစ္စည်းတွေ ဖြန့်ဝေပေးခဲ့ကြောင်း ဖေါ်ပြထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။