လွှတ်တော်သစ် ကျင်းပနိုင်ရေး ဒေါ်အောင်ဆန်း စုကြည်နဲ့ လွှတ်တော်အကြီး အကဲတွေ ဆွေးနွေး


2015.12.10
dassk-parliament-meeting-620.jpg နေပြည်တော် လွှတ်တော်ဝင်းအတွင်းက ဇဗ္မူသီရိခန်းမဆောင်မှာ ဒီဇင်ဘာလ ၁ဝ ရက်နေ့က ဒုတိယအကြိမ် လွှတ်တော်အသီးသီးကို ပထမအကြိမ်ပုံမှန်အစည်းအဝေးခေါ်ယူကျင်းပနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်စဉ်
Photo:NLD Chairperson

လာမယ့် လွှတ်တော်အသစ် ကျင်းပနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်နှစ်ရပ် ဥက္ကဌတွေ၊ အစိုးရအဖွဲ့ဝင်တချို့နဲ့ ဒီကနေ့ ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိ အစည်းအဝေးခန်းမဆောင်မှာ ဆွေးနွေးညှိနှိုင်းခဲ့ ကြပါတယ်။

အဲ့ဒီဆွေးနွေးမှုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိမိတို့ နိုဝင်ဘာလ ၁၉ ရက်က တွေ့ဆုံမှုရလဒ်ကို အကောင် အထည်ဖော်တာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အစည်းအဝေးမှာ ပြောပါတယ်။

"ဒီနေ့အစည်းအဝေးဟာ ဒုတိယအကြိမ်မြောက် လွှတ်တော်အတူတူ ကျင်းပနိုင်ရေးအတွက် ပြုလုပ်တဲ့ အစည်းအဝေးဖြစ်ပါတယ်၊ ၁၉ ရက်နေ့က ကျနော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ကြေညာ တဲ့ ကြေညာချက်ကိုလည်း အကောင်အထည်ဖော်တဲ့အပိုင်းလည်းဖြစ်ပါတယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးရာမှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲအရ ပြည်သူလူထုရဲ့ ရွေးချယ်တာဝန်ပေးမှုကို ဆက်လက် အကောင်အထည်ဖော်ဖို့၊ လွှတ်တော်ဖွဲ့စည်းရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အလေးထားဆောင်ရွက်ဖို့၊ လွှတ်တော်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ တခြားကိစ္စရပ်တွေမှာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့၊ ဒုတိယအကြိမ် လွှတ်တော်တွေကို ဥပဒေနဲ့အညီ ခေါ်ယူဖွဲ့စည်းနိုင်ရေး အတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိ လွှတ်တော်အသီးသီးဟာ လာမယ့် ဇန်နဝါရီလ ၃ဝ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်အသစ်တွေကို လက်ရှိလွှတ်တော်သက်တမ်း မပြီးဆုံးမီ ခေါ်ယူရမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ အင်တာနက်ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီနေ့ အစည်းအဝေးကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ လွှတ်တော် ဒုတိယဥက္ကဌ ၂ ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ဥက္ကဌတွေ၊ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်နဲ့ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်တွေ တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။