စစ်အစိုးရကို စစ်ဆေးရေး ဂျပန်ထောက်ခံဖို့ မေတ္တာရပ်ခံစာပို့
2010.10.15

အဆိုပါစာကို ပေးပို့ခဲ့တဲ့ အဖွဲ့အစည်းတွေမှာ ၂၀၁၀ လူထုလှုပ်ရှားမှုကော်မတီ (ပြည်တွင်း)၊ ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားများ ၊ ရဟန်းပျိုများသမဂ္ဂ အပါအဝင် အဖွဲ့ပေါင်း ၂၅ ခု ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စာပေးပို့ရာမှာ ပါဝင်တဲ့ အရှင် ထာဝရက အခုလို မိန့်ပါတယ်။
“ဦးဇင်းတို့ ဒီနေ့ပေါ့နော်၊ ဒီ ဂျပန်အစိုးရအနေနဲ့ပေါ့၊ အခု လက်ရှိအနေအထားအရ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပြီးတော့ မြန်မာ စစ်အစိုးရကို တရားစွဲဆိုတဲ့ ကိစ္စအပေါ်မှာ ထောက်ခံဖို့အတွက်ကို လွှတ်တော်အမတ်ကနေ တဆင့် ဦးဇင်းတို့ ဂျပန်အစိုးရက တိုက်တွန်းခဲ့တာ ရှိပါတယ်။ ဒီနေ့ အဓိက ပြောတာတော့ ဦးဇင်းတို့ နံပါတ်တစ် မြန်မာပြည်မှာပေါ့နော်၊ ဒီ ၂၀၀၇ ခုနှစ်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို လမ်းမပေါ်မှာ ပစ်သတ်ခဲ့တယ်၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်၊ တချက်။”
“နောက် တိုင်းရင်းသားဒေသတွေမှာ ဒီ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေသလို အဓမ္မ လုပ်အားပေး စေခိုင်းမှုတွေ၊ နောက်တချက်က အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေပေါ့နော်။ အဲဒီ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒီ မြန်မာစစ်အစိုးရကနေပြီးတော့ တခုမှ အရေးယူ ဆောင်ရွက်ခဲ့တာတွေ မရှိဘူး။ ယနေ့အချိန်ထိ ဒါ ပြစ်မှုပေါင်း မြောက်မြားစွာ ကျူးလွန်နေပေမယ့်လည်းပဲ ကုလသမဂ္ဂချုပ် အပါအဝင် နိုင်ငံတကာ အစိုးရတွေကနေပြီးတော့ မြန်မာပြည်အရေးပေါ်မှာ မျက်ကွယ်ပြုတဲ့အပိုင်းတွေမှာ ရှိလာတဲ့အတွက်ကြောင့်မို့လို့ ဒီ ဂျပန်နိုင်ငံ အစိုးရကနေ တဆင့် နိုင်ငံတကာကိုလည်းပဲ ဝိုင်းဝန်းဆွဲဆောင်ပေးပြီးတော့ မြန်မာ စစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ဝိုင်းဝန်းပိတ်ပင် တားဆီးဖို့ ရေးခဲ့တာ ရှိပါတယ်။”
အခုလို မေတ္တာရပ်ခံစာ ပေးပို့တဲ့ကိစ္စကို သူတို့အနေနဲ့ အလေးအနက်ထား ဆောင်ရွက်သွားမဲ့အကြောင်း ဂျပန်နိုင်ငံခြားရေးဌာန အရာရှိတွေက ကတိပြု ပြောဆိုခဲ့တယ်လို့ သိရပါတယ်။