အစိုးရ၏ လွတ်ငြိမ်းခွင့် အတုအယောင်ဟု အတိုက်အခံအဖွဲ့များ ရှုတ်ချ

ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်အပေါ် အတိုက်အခံ အဖွဲ့အစည်း အသီးသီးက မေလ ၁၇ ရက် ဒီကနေ့ ရှုတ်ချလိုက်သလို နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် လှုပ်ရှား တိုက်ပွဲဝင်ကြဖို့ မြန်မာပြည်သူတွေကို ပန်ကြားလိုက်ပါတယ်။

2011.05.17
prisoners_AAPP_bo_kyi_305_z.jpg AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကို တွေ့ရစဉ်
(Photo: AFP)

နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ AAPP-B အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဦးသိန်းစိန် အစိုးရသစ်ရဲ့ ကြေညာချက်ဟာ နိုင်ငံရေး အကျဉ်းသားတွေအတွက် အမည်ခံ လွတ်ငြိမ်းခွင့်သာ ဖြစ်တယ်လို့ ရှုတ်ချ ပြောဆိုလိုက်ပါတယ်။ အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်က အခုလို ပြောပါတယ်။

“လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထဲမှာတောင်မှ ဒီအမိန့်က အဆိုးဆုံးလို့ ပြောလို့ ရပါတယ်။ တကယ်ကို ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ သူတွေ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး လှုပ်ရှားနေတဲ့ လူတွေကို သူတို့က ဖမ်းဆီးတဲ့အခါမှာ စနစ်တကျ အကွက်ချပြီး ဖမ်းဆီးတယ်၊ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်တယ်၊ နှစ်ရှည်ထောင်ဒဏ်တွေ ချတယ်။ အများဆုံး ၁၀၆ နှစ်အထိ ချထားတယ်။ ၁၀၆ နှစ် ချထားတဲ့အထဲမှာမှ သူတို့က တနှစ် လျှော့ပေးတယ်ဆိုတာက ဒါက ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့သူတွေ၊ ဒီကနေ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ အတွင်းမှာကော အပြင်မှာကော တောင်းဆိုနေတဲ့ ကုလသမဂ္ဂ အပါအဝင် အစိုးရတွေကိုပါ စော်ကားလိုက်တဲ့ ကြေညာချက်။ ဒါကြောင့်မို့လို့ ကြေညာချက်အပေါ်မှာ ကျွန်တော်တို့က တကယ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။”

အလားတူ ၈၈ မျိုးဆက်ကျောင်းသားများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့ကလည်း ဒီကြေညာချက်ကို လွတ်ငြိမ်းချမ်းသာခွင့် အမည်ခံထားတဲ့ ကြေညာချက်အတု ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုထွန်းမြင့်အောင်က ဦးသိန်းစိန် အစိုးရအနေနဲ့ ရိုးသား ပွင့်လင်းသင့်တယ်လို့ ဆိုပါတယ်။

“နအဖ စစ်အစိုးရလို မဟုတ်တော့ဘူး။ ဒါပေမဲ့ ဒီမိုကရေစီလမ်းကြောင်းကို တကယ် ပြောင်းလဲပါပြီ ဆိုလို့ရှိရင်၊ လက်ရှိ ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျဉ်းသား ပြဿနာကို မှန်မှန်ကန်ကန် ပကတိ အရှိအတိုင်း လက်ခံတတ်ဖို့ လိုပါတယ်။ ပြီးတော့ ရိုးရိုးသားသား ဖြေရှင်းရမှာပါ။ ဒါမှသာ တိုင်းပြည်ရဲ့ ကနေ့ ရင်ဆိုင်နေရတဲ့ ပြဿနာ အကျပ်အတည်းတွေကို ကျွန်တော်တို့ စုပေါင်းပြီး ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ပဲနဲ့ အရှိတရားကို ငြင်းပယ်ပြီးတော့ ဝန်မခံပဲနဲ့ ဝေ့လည်ကြောင်ပတ် လုပ်နေမယ်၊ အခုလိုပဲ ကမ္ဘာကို လှည့်ဖြားလိုက်၊ ပြည်သူကို လှည့်ဖြားလိုက်နဲ့ ဆက်ပြီးတော့ လုပ်နေဦးမယ် ဆိုလို့ရှိရင် တိုင်းပြည်ရဲ့ ပြဿနာတွေဟာ ဒီထက်ပိုပြီးတော့ ဆိုးသွားဖို့ပဲ ရှိပါတယ်။”

မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂,၂၀၀ ကျော်ရှိပြီး မိမိတို့ အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ချွင်းချက်မရှိ လွတ်မြောက်ရေးအတွက် ကြိုးပမ်းသွားမှာ ဖြစ်သလို မြန်မာပြည်သူတွေအနေနဲ့လည်း ဒီမိုကရေစီရေး အင်အားစုများနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့ ပန်ကြား ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။