နယ်ခြားစောင့်တပ်ကို ဒီကေဘီအေ တိုက်ခိုက်
2011.01.14

ဒီကေဘီအေတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခဲ့တဲ့ ကားဟာ နယ်ခြားစောင့်တပ် ဘီဂျီအက်ဖ်ပိုင် ဖိုးဝီးနဲ့ ဟိုင်းလတ်ကား အမျိုးအစား ကားနှစ်စီးလို့ သိရပါတယ်။ အဲလို တိုက်ခိုက်ခဲ့လို့ ကားပေါ်က ဘီဂျီအက်ဖ်တပ်ဖွဲ့ဝင်တွေနဲ့ အဲဒီ ကားပေါ်က ခရီးသည် စုစုပေါင်း ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြဝတီမြို့ခံတဦး က RFA ကို ပြောပါတယ်။
“ဘီဂျီအက်ဖ်ကားပါ ၃၅၆ တပ်ရင်း ရှေ့နားက ကွေ့နားမှာ သူတို့ တပ်အင်အားတွေ တက်ပို့တဲ့ကားပါ။ ရှေ့ထွက်မိုင်း တလုံးထိတယ်၊ ထိပြီးတော့ အဲဒီမှာ သေနတ် အချက် ၂၀ လောက် အဲဒီလောက် အခြေအနေနဲ့ တိုက်ပွဲဖြစ်ကြတယ်။ ခရီးသည် ၃ ယောက်ထိတယ်၊ ဘီဂျီအက်ဖ် ၆ ယောက် ထိတယ်။ အားလုံး ၉ ယောက် ဒဏ်ရာ ရတယ် အခု မြဝတီဆေးရုံမှာ။”
မြဝတီမြို့ ဆေးရုံကို RFA ဆက်သွယ် ခဲ့ပေမဲ့ တာဝန်ကျ ဝန်ထမ်းအမျိုးသမီးက မိုင်းထိလူနာတွေ ရောက်လာကြောင်းသာ ပြောပါတယ်။
“ပြောတော့ပြောတယ် များတော့ များတယ်လို့ ပြောတယ်။ လူနာတွေ အများကြီးရောက်တယ်တဲ့ ဆေးရုံမှာ မိုင်းထိလို့ လာပြီး အဲလို ပြောသံကြားတယ်။ ဒီကနေလည်း လှမ်းကြည့်တော့လည်း ရှုပ်ရှက်ခက်နေတာ တွေ့တာပေါ့နော်။”
ဒီကနေ့ မနက်ပိုင်းမှာ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက ကားလမ်းမပေါ်မှာ စစ်ယူနီဖောင်းဝတ်တွေ ပါလာတဲ့ ကားနှစ်စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့တာ မှန်ကန်ကြောင်းနဲ့ ဒီကေဘီအေတပ်ဖွဲ့အနေနဲ့ သူတို့ တပ်စခန်းရှိတဲ့ နေရာတွေကို စစ်အစိုးရတပ်တွေ အခုရက်ပိုင်းအတွင်း အင်အားသုံး စစ်ဆင် တိုက်ခိုက်လာတဲ့အပေါ် ဒီကေဘီအေ တပ်ဖွဲ့တွေအနေနဲ့ မြို့တွင်းဝင်ရောက် လက်တုံ့ပြန် တိုက်ခိုက်နိုင်ကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့ ဒီကေဘီအေ ကလိုထူးဘော ဗျူဟာ (၅) ရဲ့ စစ်ဆင်ရေးမှူး ဗိုလ်မှူး ဆန်းအောင်က ပြော ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၇ ရက်နေ့ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ကနေ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အတွင်းမှာ ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်တဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့ဝင်တွေက မြဝတီမြို့တွင်း အဓိက အချက်အခြာကျတဲ့ နေရာတွေမှာ လက်နက်ကိုင် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီနောက်ပိုင်း စစ်အစိုးရတပ်တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်တဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့ဟာ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံခဲ့ရာက စစ်ရေး တိုက်ခိုက်မှုအထိ အရှိန်မြှင့် လာခဲ့တာ ဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်းမှာတော့ စစ်အစိုးရတပ်တွေနဲ့ ကရင်အမျိုးသားတပ်မတော် (ကေအဲန်အဲလ်အေ) တပ်ဖွဲ့၊ ဒီကေဘီအေတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဝေါလေဒေသနဲ့ မြဝတီမြို့တောင်ဖက် ဖလူးကျေးနယ်အတွင်းမှာ စစ်အစိုးရတပ်တွေ အင်အားတိုး စစ်ဆင်ခဲ့သလို လက်နက်ကြီးတွေနဲ့ ဒလစပ် ပစ်ခတ် တိုက်ခိုက်နေပါတယ်၊ စစ်အစိုးရအနေနဲ့ မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်း ပခုက္ကူဖက်က တပ်တွေကိုပါ ခေါ်ယူပြီး ကရင်တပ်ဖွဲ့တွေကို စစ်ဆင် တိုက်ခိုက်နေတာ ဖြစ်သလို ။ အင်းစိန်၊ တောင်ငူ၊ ဘာအံ။ မွန်ပြည်နယ် တောင်စွန်း စတဲ့ ထောင်တွေကနေ ရာနဲ့ချီတဲ့ ထောင်ကျ အကျဉ်းသားတွေကို စစ်တပ်ပေါ်တာအဖြစ် ရှေ့တန်းစစ်မြေပြင်တွေမှာ အသုံးပြု ခိုင်းစေပြီး စစ်ဆင် တိုက်ခိုက်နေကြောင်း သိရပါတယ်။