DMG သတင်းထောက်နှစ်ဦးရဲ့ ပုဒ်မ ၅၀၅ (က) အမှုကို စစ်ကောင်စီ ပိတ်သိမ်း

2022.08.30
DMG သတင်းထောက်နှစ်ဦးရဲ့ ပုဒ်မ ၅၀၅ (က) အမှုကို စစ်ကောင်စီ ပိတ်သိမ်း စစ်တွေအခြေစိုက် Development Media Group သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံ ( အင်္ကျီအနီကွက်) နှင့် သတင်းထောက် မနှင်းနွယ်တို့အား တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းဌာန သတင်း ထောက်နှစ်ဦးအပေါ် တရားစွဲထားတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ် ၅၀၅ (က) ကို စစ်ကောင်စီတပ်ဘက်က ရဲစခန်းမှာ လာရောက် ပိတ်သိမ်းလိုက်ပြီလို့ DMG သတင်းဌာနက RFA ကို ပြောပါတယ်။

ကျောက်တော်မြို့နယ် မာလာရွာက ဒေသခံရဲ့ ရခိုင်အခေါ် စပါးတောင်းခုနစ်ရာကို စစ်ကောင်စီတပ်က ယူဆောင်သွားတယ်လို့ သတင်းရေးခဲ့တာကြောင့် သတင်းထောက် မနှင်းနွယ်နဲ့ ဒုတိယ တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံတို့ကို ပုဒ်မ ၅၀၅ (က) အပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခဲ့တာပါ။

ပုဒ်မ ၅၀၅ (က) ကို ပိတ်သိမ်းလိုက်ပေမယ့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အတွက်တော့ ဆက်လက်တရားရင်ဆိုင်ရဦးမယ်လို့ DMG သတင်းဌာနရဲ့ Operation Manager ကိုဇော်ဇော်က RFA ကို ပြောပါတယ်။

“၅၀၅ (က) အမှုကိုတော့ ပိတ်လိုက်ပြီလို့ သိရတယ်။ တရားရုံးက တရားဝင်စာ ရောက် တာတော့ မဟုတ်ဘူး။ ကျနော့် အဆက်အသွယ်နဲ့ ရဲစခန်းကတစ်ဆင့် သိရတာပေါ့။ ၆၆ (ဃ) အမှုအတွက်တော့ ကျနော်တို့ တရားရင်ဆိုင်သွားမှာပါ။ အရင်ကတည်းက အမှတ် (၂) ရဲစခန်းက အာမခံရထားတယ်။ အဲဒီမှာ ၅၀၅ (က) နဲ့ တရားစွဲထားတယ်လို့သိရ တော့ အာမခံမရတဲ့ ပုဒ်မဖြစ်လို့ သတင်းထောက်တွေက ရှောင်နေကြတာပေါ့”

သူတို့ကို စစ်တွေတပ်နယ်မှာရှိတဲ့ ဗိုလ်မှူး ဘုန်းမြင့်ကျော်က တရားလိုလုပ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ကတည်းက စစ်တွေမြို့နယ် အမှတ်(၂) ရဲစခန်းမှာ အမှုဖွင့်ထား တာပါ။

ဒုတိယတာဝန်ခံ ကိုနေဝင်းစံကတော့ ရဲက စစ်ဆေးတဲ့အခါ အဲဒီသတင်း ရေးသားဖော်ပြမှုနဲ့ မသက်ဆိုင်လို့ အမှုနဲ့ မဆိုင်တော့ပေမယ့် တာဝန်ခံအယ်ဒီတာ ကိုမိုးဇော်မြင့်ကတော့ ၆၆ (ဃ) နဲ့ ထပ်မံ တရားစွဲခံထားရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တာဝန်ခံအယ်ဒီတာ ကိုမိုးဇော်မြင့်နဲ့ သတင်းထောက် မနှင်းနွယ်တို့ကတော့ တရားဆက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

DMG သတင်းဌာနရဲ့ အယ်ဒီတာချုပ်နဲ့ အမှုဆောင်အရာရှိချုပ် ဦးအောင်မင်းဦးကိုလည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလ ၁၁ ရက်နေ့က သတင်းတပ်ဖွဲ့ (SB) က တရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ - ၁၇ (၂) နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

အလားတူ DMG သတင်းဌာန ရဲ့ မောင်တောသတင်းထောက် ကိုအောင်ကျော်မင်းဟာ လည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ လမ်းတံတားဦးစီးဌာနက တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆ (ဃ) နဲ့ မောင်တော မြို့မရဲစခန်းမှာ အမှုဖွင့်ခံထားရပါ တယ်။

ဒါကြောင့် လက်ရှိ DMG သတင်းဌာနကနေ တရားစွဲခံထားရသူ လေးဦးအထိ ရှိနေပါတယ်။

အလားတူပဲ ရခိုင်ပြည်နယ်အခြေစိုက် Western News သတင်းဌာန အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုနဲ့ သတင်းထောက် တစ်ဦးဟာလည်း နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ဥပဒေပုဒ်မ ၁၂၄-ကနဲ့ စစ်တွေမြို့နယ် တရားရုံးမှာ တရားစွဲခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။