ပြင်ပ ဒေါ်လာပေါက်စျေး ၁၈၀၀ ကျော်လာ
စစ်တပ်က အာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေစျေး ဆက်တိုက်ကျဆင်းလာပြီး စက်တင်ဘာလ ၃ ရက် ဒီကနေ့မှာတော့ ပြင်ပပေါက်စျေး တစ်ဒေါ်လာကို ကျပ် ၁၈၀၀ ကျော်အထိ ဖြစ်သွားပါတယ်။
စက်တင်ဘာလ ၃ ရက် ဒီကနေ့အတွက် ဗဟိုဘဏ်သတ်မှတ်စျေး တစ်ဒေါ်လာ ၁၇၀၈ ကျပ်ဖြစ်ပြီး မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် သတ်မှတ်စျေးက ၁၇၁၀ ဖြစ်ပေမယ့် ပြင်ပအရောင်းအဝယ်စျေးကွက်မှာတော့ တစ်ဒေါ်လာ ၁၈၀၀ ကို ကျော်လာတာဖြစ်ပါတယ်။
ပြင်ပအရောင်းအဝယ်စျေးကွက်မှာ တစ်ဒေါ်လာကို ၁၈၂၀ ကျပ်အထိ ပေးဝယ်တာတောင် ဝယ်ဖို့အခက် အခဲတွေဖြစ်နေတတ်လို့ ဒေါ်လာနဲ့ လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေကျပ် ၁၇၀၀ ကျော်ဝန်းကျင်ဖြစ်နေခဲ့ပြီးနောက် ဒီနေ့မှာတော့ အခုလို စျေးတွေတက်လာတာဖြစ်ပါတယ်။
ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ KBZ ဘဏ်မှာ ဒီကနေ့ဒေါ်လာစျေး ၁၇၁၄ ကျပ်ဖြစ်ပြီး AYA ဘဏ်က တစ်ဒေါ်လာ ကို ၁၇၁၂ ကျပ် ပေါက်စျေးရှိနေပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်က အမေရိကန်တစ်ဒေါ်လာကို ကျပ်ငွေ ၁၃၀၀ ဝန်းကျင်သာရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေစျေး ဆက်တိုက်ကျဆင်းလာတာဖြစ်ပါတယ်။
ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ ဆက်တိုက်ထုတ်ရောင်း နေပြီး ဩဂုတ်လ ၂၃ ရက်နေ့အထိ ခြောက်ကြိမ်မှာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀ ခန့်အထိ ရောင်းခဲ့ပြီးဖြစ်ပေမယ့် စျေးပြန်မကျပါဘူး။