စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

2021.12.20
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကို တွေ့ရစဉ်
Photo: Myint Naing's FB

အမှုပေါင်း ရှစ်မှုနဲ့ စစ်ကောင်စီရဲ့ တရားစွဲတာခံထားရတဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ဟာ မုံရွာအကျဉ်းထောင်တွင်း တရားရုံးက ဒီဇင်ဘာလ ၂၀ ရက် ဒီနေ့မှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) အမှုအတွက် ထောင်ဒဏ် ၂ နှစ် အမိန့်ချခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၇ ရက်နဲ့ ၁၃ ရက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နှစ်စောင်ဟာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံရတဲ့အမှုဖြစ်ပါတယ်။

ဒေါက်တာ မြင့်နိုင်ဟာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကတည်းက အဖမ်းခံခဲ့ရပြီး ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ခံထားရတဲ့အချိန် ဖေဖော်ဝါရီ ၇ ရက်နဲ့ ၁၃ ရက်မှာ NLD ပါတီက အဲဒီကြေညာချက် ထုတ်ပြန်တာမို့ အပြစ်မရှိကြောင်း ရှေ့နေတွေက တရားရုံးမှာ ထုချေခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာ နိုင်ငံတော်ရဲ့ ဥပဒေပြုအာဏာဟာ ပြည်သူက ရွေးကောက်တင်မြှောက်ထားသူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှာသာတည်ရှိပြီး စစ်ကောင်စီမှာ အာဏာမရှိဘူးဆိုပြီး ဖော်ပြထားတာဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတ ဦးဝင်းမြင့် အစိုးရကသာ တရားဝင်အစိုးရဖြစ်ပြီး စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေအမျိုးမျိုးချိုးဖောက်ပြီး နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ခဲ့ခြင်းသာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒေါက်တာ မြင့်နိုင်ဟာ ပုဒ်မ ၅၀၅ (ခ) နဲ့တစ်မှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ခုနှစ်မှု စုစုပေါင်း ရှစ်မှုနဲ့ တရားစွဲခံထားရပြီး အဂတိအမှုတွေကတော့ ထောင်တွင်းတရားရုံးမှာပဲ ဆက်လက်စစ်ဆေးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။