မူးယစ်ဂိုဏ်း အဖွဲ့ဝင် ၂၅ ဦး လက်နက်ချ အလင်းဝင်
2012.05.15
မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံတွေက အလိုရှိနေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် စိုင်းနော်ခမ်းကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက လာအိုအာဏာပိုင်တွေက ရွှေတြိဂံဒေသမှာ ဖမ်းဆီးရမိလိုက်ပြီးနောက် သူရဲ့အဖွဲ့သားတွေဖြစ်ကြတဲ့ ဦးယောဟန် ဦးဆောင်တဲ့ အဖွဲ့ဝင် ၆ ဦး၊ ဦးယားအီ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဦးအားထူ ဦးဆောင်တဲ့ အဖွဲ့ဝင် ၄ ဦး တို့ဟာ တာချီလိတ်မြို့အခြေစိုက် ခမရ ၃၅၉ တပ်ရင်းကို လက်နက်ချ အလင်းဝင်ခဲ့ကြတာ ဖြစ်တယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူထံမှ သိရပါတယ်။
သူတို့ ၃ ဖွဲ့ဟာ M16 , M22 အမျိုးအစား မောင်းပြန်ရိုင်ဖယ်တွေ၊ AK 47 မောင်းပြန်ရိုင်ဖယ်တွေ၊ လောင်ချာသေနတ်တွေ၊ ပစ္စတိုတွေနဲ့ မိုင်းဗုံးတွေ ယူဆောင်လာကြပြီး နာရီပိုင်းအတွင်း တစ်ဖွဲ့စီ ဝင်ရောက်လာကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ ခမရ ၃၅၉ တပ်ရင်း ရိပ်သာခန်းမမှာ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးခင်မောင်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့ ဦးဆောင်ပြီး ကြိုဆိုပွဲနဲ့ ထောက်ပံ့ရေးပစ္စည်း ပေးအပ်ပွဲ အခမ်းအနား လုပ်ခဲ့တယ်လို့ အာဏာပိုင်နဲ့ နီးစပ်သူတစ်ဦးထံမှ သိရှိရပါတယ်။
မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် စိုင်းနော်ခမ်းအဖွဲ့ဟာ ထိုင်း မြန်မာနဲ့ လာအိုနိုင်ငံတွေရဲ့ နယ်နမိတ်ချင်း ထိစပ်ရာ ရွှေတြိဂံဒေသက ရှမ်းပြည် အရှေ့ပိုင်း တာချီလိတ်နယ်အတွင်းမှာ အခြေပြုလှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး မူးယစ်ဆေး မှောင်ခိုကုန်ကူးတာနဲ့ မဲခေါင်မြစ်အတွင်း ဖြတ်သန်းသွားလာတဲ့ သဘောၤ၊ စက်လှေတွေကို ဆက်ကြေးကောက်တာ၊ ပစ်ခတ်တိုက်ခိုက်တာတွေနဲ့ နာမည်ကြီးတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။