မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွေ ကျင်းပ
2017.06.26

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါး စုစုပေါင်းတန်ဖိုး ငွေကျပ် ၅၂၃ ဘီလီယံကျော်ဖိုး ဖျက်ဆီးခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ ဖမ်းဆီးရမိတဲ့ ငွေကျပ် ၂၉၆.၄ ဘီလီယံ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး ၂၅ မျိုးကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်မှာရှိတဲ့ ဒဂုံဧရာ အဝေးပြေး ကားဝင်းအနီးမှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
၂ဝ၁၆ -၂ဝ၁၇ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှု တစ်ထောင်နီးပါးနဲ့ ပြစ်မှုကျူးလွန်သူ ၁၅ဝဝ ကျော်ကို ဖမ်းဆီးရမိ ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲမှူးချူပ် ဦးဝင်းနိုင် က ပြောပါတယ်။
"၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးမှု ၃၈၂ မှုမှ ပြစ်မှုကျူးလွန်သူ ၁၅ဝဝ ကျော်ကိုဥပဒေနဲ့အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်"
ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ပြည်နယ်နဲ့ တိုင်း ၇ခုမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီး ရာမှာ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးပမာဏဟာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာၤရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေ သကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ မီးရှို့ဖျက်ဆီးရာမှာ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား၊ ကိုကင်း၊ ဆေးခြောက်နဲ့ Ice စတဲ့ မူးယစ်ဆေး ဝါးနဲ့ ဓာတုပစ္စည်းတွေ ပါဝင်ကြပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၈၈ဝဝ ရှိပြီး ကျပ် သန်းပေါင်း ၆ သောင်းကျော်ဖိုး မူးယစ်ဆေးဝါးတွေကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အစိုးရက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးတဲ့အခမ်းအနားတွေ ကျင်းပသလို ရှမ်းပြည် နယ်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းက SSPP/SSA ဗဟိုဌာနချုပ် ဝမ်ဟိုင်းဒေသ ပါခီးကျေးရွာမှာလည်း ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
၂ဝ၁၄ ခုနှစ်ကနေ ၂ဝ၁၇ ခုနှစ်အထိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA က ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ပါခီးကျေးရွာက မူလတန်းကျောင်းမှာ ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဖျက်ဆီးတဲ့အထဲမှာ ယာဘ လို့ခေါ်တဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်းကျော်၊ ဘိန်းဖြူ ဆပ်ပြာခွက် ၁၄ဝ ကျော်၊ ဘိန်းမဲ ၁၆ ပိဿာနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖျက်ဆီးခဲ့ပါတယ်။ SSPP/SSA ဟာ ၂ဝ၁၄ ခုနှစ်ကနေ ၂ဝ၁၇ ခုနှစ်အတွင်း မူးယစ်ဆေးအမှုပေါင်း ၁၇ဝ ကျော်ကို ဖော်ထုတ်ခဲ့ပြီး ဆေးသုံးစွဲသူ ၁ဝဝ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။