မူးယစ်ဆေးပြဿနာကို လာမယ့်ငြိမ်းချမ်းရေး ညီလာခံမှာ တင်ပြဖို့ဆွေးနွေး

အောင်မိုးမြင့်
2020.01.15

မူးယစ်ဆေးဝါးမူဝါဒ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြည်တွင်း ပြည်ပက  ရှမ်းလူမှုအဖွဲ့အစည်းက ခေါင်းဆောင်ကိုယ်စားလှယ်တွေ အပါအဝင် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေးမှုတွေ လုပ်ဆောင်နေတဲ့ RCSS က ကိုယ်စားလှယ်တွေ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇန်နဝါရီလ ၁၃ ရက်နေ့ ကနေ ၁၅ ရက်နေ့အထိ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်နဲ့ ဆိုင်တဲ့ မူးယစ်ဆေးဝါးမူဝါဒ တစ်ခုရရှိဖို့ အခုလို တွေ့ဆုံဆွေးနွေးရတာဟာ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုဟာ အဆမတန် များပြားလာနေပြီး စနစ်တကျ ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် ဖြစ်တယ်လို့ RCSS အဖွဲ့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းဟန် က အခုလိုပြောပါတယ်။

"လက်ရှိဖြစ်နေတဲ့ အနေအထားတော့ အားလုံးသိနေတဲ့ အတိုင်းပဲလေ သုံးစွဲသူအတွက်လည်း များပြား လာတယ်၊ မူးယစ်ဆေးဝါးလည်း ပြဿနာပျံ့နှံ့မှု တွေကလည်း များနေတယ်၊ ဒီပြဿနာကလည်း အခုထိ ဖြေရှင်းလို့ မရသေးဘူး၊ တော်တော့်ကို ကြီးမားတဲ့ ပြဿနာဗျ၊ ဒီအိမ်ထောင်စုတစ်ခု အတွင်းမှာ ဒါမှမဟုတ် ဒီရပ်ထဲရွာထဲမှာ တချို့နေရာတွေက တကယ့် အကြီးကြီး ပြဿနာ ဖြစ်နေပါတယ်။"

သုံးရက်ကြာ ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ မူးယစ်ဆေးဝါးပြဿနာနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းသွားကြမလဲ၊ မူးယစ်ဆေးသုံးစွဲသူတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းကြမလဲ၊ ဘိန်းစိုက်ပျိုးတဲ့ တောင်သူတွေကို ဘယ်လိုနည်းစနစ်တွေနဲ့ ကူညီဖြေရှင်းမလဲ စတဲ့ အခက်အခဲတွေနဲ့ နည်းလမ်းတွေကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြ တယ်လို့လည်း သိရပါတယ်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ဟာ အစိုးရနဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက် နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပဏာမအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားခဲ့ပြီး နောက်ပိုင်း မူးယစ်အန္တရယ် တားဆီးကာကွယ် အသိပညာပေးရေး  လုပ်ငန်းတွေနဲ့ မူးယစ်ဆေး သုံးစွဲနေသူတွေကို မူးယစ်ဆေးဖြတ်ပေးမှုတွေကို RCSS ထိန်းချုပ်နယ် မြေအတွင်း ဆောင်ရွက်နေခဲ့ တယ်လို့လည်း ဆိုပါတယ်။

ရှမ်းပြည်နယ်အတွင်းက လဲချား၊ မိန်းကိုင်၊ မိုင်းပန်၊ ပင်လုံ၊ နမ့်စန်၊ မိုးနဲ၊ မောက်မယ်၊ ဒေသတွေမှာ  မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို တားဆီးကာကွယ် အသိပညာပေးမှုတွေ လုပ်ဆောင်နေတဲ့ RCSS အဖွဲ့က ပြည်ထဲရေး ဌာနတာဝန်ရှိသူ ဗိုလ်ကြီး စိုင်းပီး က လက်ရှိ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို အခုလို ပြောဆိုပါတယ်။

"အဲဒီ ပြဿနာတော့ ခပ်များများတော့ အခုကတော့ စိတ်ကြွဆေးပြားတွေ ယာမ အဲဒါ ခပ်များများ ကြုံတွေ့တယ်၊ တချို့ကလည်း ဘိန်းဖြူ ဘိန်းမဲပေါ့ အဲဒီသုံးမျိုးတော့ ခပ်များများကြုံတယ်၊ အဆိုးဝါးဆုံး ကတော့ သောက်ပြီးတော့မှ မိသားစုထဲမှာ ပူပင်ရတာပေါ့နော် ဒီလိုမျိုး ပြဿနာဖြစ်နေတယ်၊ တချို့ကလည်း ပြောမယ်ဆိုရင် သုံးပြီးပြီဆိုရင်တော့ သူတို့က ဘယ်လိုမျိုးလည်း မူးပြီးမှ ရန်ဖြစ်တာ ဘာညာ အိမ်ထဲမှာ မိသားစုထဲမှာ ပူပင်ရတာပေါ့။"

RCSS အဖွဲ့ဟာ အစိုးရနဲ့ ပဏာမ အပစ်ရပ်စဲခဲ့ပြီး နောက်ပိုင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလက ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့မှာ အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး မူးယစ်ဆေးဝါး တားဆီးကာကွယ် နှိမ်နင်းရေးအတွက် သဘောတူစာချုပ်တွေ ချူပ်ဆိုခဲ့ပေမယ့်လည်း လက်တွေ့မှာ အကောင်အထည်မဖော်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒုတိယဗိုလ်မှူးကြီး စိုင်းဟန် က ဆက်ပြောပါတယ်။

"RCSS အနေနဲ့ကတော့ အစိုးရနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေ ရှိပါတယ်၊ နောက်ပြီးတော့ သုံးပွင့်ဆိုင် UNODC နဲ့ သဘောတူညီချက်တွေ ရှိပါတယ်။ ရှိပေမယ့်လည်း ဒီဟာတွေ လက်တွေ့ အကောင်အထည်ဖော်ဖို့က အခက်အခဲတွေ ဖြစ်နေတုန်းပါပဲ၊ အခက်အခဲက အခုထက်ထိ လက်တွေ့ အကောင်အထည်ဖော်တာ မရှိသေးဘူးပေါ့၊"

ဒီအခြေအနေတွေကြောင့် အခုဆွေးနွေးပွဲကနေ ရရှိလာတဲ့ အချက်တွေကို လာမယ့် ဧပြီလဆန်းပိုင်းမှာ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးမှာ ဆွေးနွေးဖို့ရှိတဲ့ ကဏ္ဍကြီး ငါးရပ်ထဲက လူမှုရေးကဏ္ဍမှာ မူးယစ်ဆေးဝါးမူဝါဒကို RCSS အဖွဲ့အနေနဲ့ ထည့်သွင်း ဆွေးနွေးသွားမှာဖြစ်ပြီး ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါးပြဿနာ လျော့ကျလာစေရေး ဆောင်ရွက်သွားမယ်လို့လည်း ဒုတိယဗိုလ်မှူးကြီး စိုင်းဟန် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။