ကျပ်သိန်းပေါင်း တစ်သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ


2015.07.28
drug-arrest-620.jpg ဇူလိုင်လ ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာအိမ်ရာဝင်းအနီး ကားထဲမှသိမ်းဆည်းရမိတဲ့ ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးတွေကို တွေ့ရစဉ်
Photo: MOI

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာအိမ်ရာဝင်းအနီး ဘီးပေါက်နေတဲ့ ကုန်တင်ကားတစ်စီးပေါ် က ငွေကျပ်သိန်းပေါင်းတစ်သန်းကျော် (ကျပ်ငွေ ၁၃၃ ဘီလျံ၊ ဒေါ်လာငွေ သန်း ၁၃၀ ကျော်) တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မင်္ဂလာဒုံမြို့မရဲစခန်းက ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က မနက် ၅ နာရီလောက်မှာ တာဝန်ကျလှည့်ကင်းရဲတပ်ဖွဲ့က မသင်္ကာတာကြောင့် စစ်ဆေးရာ မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ မင်္ဂလာဒုံမြို့နယ်ရဲစခန်းက စခန်းမှူး ရဲမှူးဝင်းရွှေက ပြောပါတယ်။

"၂၇ ရက် မနက် ၅ နာရီလောက် လှည့်ကင်းက ပြန်လာတဲ့အဖွဲ့နဲ့တွေ့တာ မသင်္ကာဘူးပေါ့ဗျာ၊ ဘီးကလည်း နည်းနည်းဝိတ်များတဲ့အတွက် ပြားတာပေ့ါလေ၊ ကြည့်လိုက်တော့ ကားမှာလည်းလူမရှိဘူး၊ အထဲမှာ မူးယစ်ဆေးဝါးပစ္စည်းတွေ တွေ့တာပေါ့၊ ဇေကမ္ဘာထဲကိုဝင်တဲ့လမ်း ခြောက်လမ်းသွားလမ်းမကြီးမှာ ရပ်ထားတာ"

ဒီတစ်ကြိမ်ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ပမာဏအများဆုံး ဖြစ်တယ်လို့ ရဲမှူးဝင်းရွှေက ပြောပါတယ်။ ကွန်တိန်နာကားပေါ်မှာ စိတ်ကြွရူးသွပ်ဆေးပြားတွေ ပါဝင်တာကြောင့် မူးယစ်ဆေးဝါးနဲ့စိတ်ကို ပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူနိုင်ဖို့အတွက် ယာဉ်ပိုင်ရှင်ကို စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ စိတ်ကြွရူးသွပ်ဆေးပြားတစ်ပြားဟာ တန်ဖိုးငွေ ကျပ်ငါးထောင်ဈေးပေါက်နေတယ်လို့ သိရပါတယ်။ မင်္ဂလာဒုံမြို့နယ်ရဲစခန်းက စခန်းမှူး ရဲမှူးဝင်းရွှေကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။