ဗဟိုဝန်ထမ်းတက္ကသိုလ် ကြိုတင်မဲ လွတ်လပ်မှုကင်းမဲ့

ရက်ပိုင်းအတွင်း ကျင်းပတော့မယ့် ရွေးကောက်ပွဲ အတွက် အထက်ဗမာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်း တက်ရောက်နေတဲ့ ဝန်ထမ်းတွေဆီက ကြိုတင်မဲ ကောက်ခံနေရာမှာ ဝန်ထမ်းတွေ လွတ်လွတ်လပ်လပ် မဲပေးခွင့် မရှိဘူးလို့ သိရပါတယ်။

2010.10.31
လွန်ခဲ့တဲ့ ၂ ပတ်လောက်ကစပြီး မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရွာအနီးက အထက်ဗမာပြည် ဗဟိုဝန်ထမ်း တက္ကသိုလ်မှာ မန္တလေးတိုင်းအတွင်းက မြို့နယ် ရွေးကောက်ပွဲကော်မရှင်တွေက ကြိုတင်မဲတွေ ကောက်ခံနေပုံနဲ့ ပတ်သက်ပြီး အဲဒီလို လွတ်လပ်မှု ထိပါးတဲ့ လုပ်ရပ်တွေ ပေါ်ပေါက်နေတာ ဖြစ်တယ်လို့ သင်တန်း တက်ရောက်နေတဲ့ ဝန်ထမ်းတယောက်က အာရ်အက်ဖ်အေကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက အခုအချိန်အထိ ကောက်နေတုံးပဲဗျ၊ သူတို့က မြို့နယ်အလိုက်ပေါ့နော်၊ ဒီတပတ် မိတ္ထိလာမြို့နယ်က လာတယ်၊ နောက်တပတ် ကျောက်ပန်းတောင်းက လာတယ်။ နောက်တပတ်ကျတော့ အောင်မြေသာဇံက လာတယ်၊ နောက်တပတ် ချမ်းအေးသာဇံက လာတယ်။ တပတ်တော့ မဟုတ်ဘူး၊ တရက် တရက်ကို မြို့နယ်တခုစီ၊ တခုစီ။ တခါတလေကျရင် တရက်တည်းကို မြို့နယ် ၃ ခု လောက်ပေါ့။ သင်တန်းသားဦးရေနဲ့ တမျိုးစီ ကဲ့ကဲ့ပြီး ထုတ်ပြီးတော့ ထည့်ခိုင်းတာခင်ဗျ။ ကျောင်းထဲမှာ သတ်မှတ်ထားတဲ့ နေရာမှာ ခေါ်ပြီးတော့ ထည့်ခိုင်းတာခင်ဗျ

မဲထည့်ခိုင်းတဲ့အခါမှာ လျှို့ဝှက် ဆန္ဒပြုခန်းတွေ မရှိဘဲ အာဏာပိုင်တွေရှေ့မှာပဲ မဲထည့်ရတယ်လို့ သိရပါတယ်။ အစ ပထမပိုင်းမှာ ဝန်ထမ်းတွေက ကြိုတင်မဲတွေ ထည့်တဲ့အခါ ပယ်မဲတွေ များသွားတာကြောင့် နောက်ပိုင်းမှာ မဲထည့်တဲ့လူ နာမည်နဲ့ သူတို့ထည့်တဲ့ မဲပြားကို ချုပ်စက်နဲ့တွဲပြီး ညှပ်ကာ မှတ်ထားလိုက်တဲ့အတွက် နောက်ထည့်တဲ့ ဝန်ထမ်းတွေက လွတ်လွတ်လပ်လပ် မဲမထည့်ရဲတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

ကြိုတင်မဲကို ထည့်ပေးတဲ့အခါမှာ စာအိပ်ထဲကို ထည့်ရတယ်ပေါ့နော်။ အစပိုင်းကတော့ အဲဒီ စာအိပ်ပဲ ယူထားလိုက်တာ။ ဘာတွေဖြစ်ကုန်လဲ ဆိုတော့ ဝန်ထမ်း သင်တန်းသားတွေက အကုန် ပယ်မဲတွေထည့်ကုန်တာ များတယ်။ အကုန်လုံးက ကြံ့ခိုင်ရေးပါတီလည်း ကြိုက်မှ မကြိုက်တာကိုး။ ကျန်တဲ့ပါတီက လူတွေကလည်း ဘယ်သူမှန်း ဘာမှန်းကို မသိသာဘူး။ ကျနော်တို့က,စ မသိဘူး။ အဲဒီကျတော့ သူတို့က ပယ်မဲဖြစ်အောင် ထည့်တယ်။ ကြက်ခြေ ၂ ခါ ထပ်တာတို့၊ အမှန် ၂ ယောက် ခြစ်ပစ်တာတို့၊ အဲလိုမျိုးပေါ့။ နောက်ကျတော့ အဲဒီစာအိပ်မှာတင် မဲထည့်တဲ့လူရဲ့ ရှေ့မှာ မဲထည့်တဲ့လူရဲ့ နာမည်ပါတဲ့ စာရွက်လေး စတက်ပလာနဲ့ ညှပ်ပြတယ်။ နောက်လူတွေကျတော့ လန့်သွားပြီလေ။ ကိုယ့်နာမည်ကြီးနဲ့ ဒီမဲကြီးက တွဲထားတော့ကျတော့ ကိုယ်ကြိုက်တာ ထည့်မရတော့တဲ့ အနေအထား ဖြစ်သွားတာပေါ့။ လွတ်လပ်စွာ မဲပေးခွင့် မရှိတော့ ကြံ့ခိုင်ရေးပဲ ပေးရမလိုလို ဖြစ်သွားတယ်

အထက်ဗမာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ စာရေးစာချီ အဆင့်ကနေ အရာရှိအဆင့်အထိ သင်တန်းသားဝန်ထမ်း တထောင်ကျော် ရှိတယ်လို့ သူက ပြောပါတယ်။ လူအများစုက လာမယ့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု ရှိကြပါသလားလို့ အဲဒီဝန်ထမ်းကို ဆက်လက် မေးမြန်းကြည့်တဲ့အခါမှာ

မရှိဘူးခင်ဗျာ။ အများစုကို မဟုတ်ပါဘူး တယောက်မှကို ယုံကြည်မှု မရှိပါဘူး။ ကျနော်တို့ နားနေဆောင်ကို ပြန်ရောက်ရင် အချင်းချင်း ဆွေးနွေးတဲ့အခါမှာ ဒါကြီးကိုပြောရင် အကုန်လုံးက ရယ်စရာ အနေနဲ့ပဲ သဘောထားတယ်။ ဝန်ထမ်း အတော်များများကလည်း မျှော်လင့်နေတာက ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးမှပဲ တခုခု ဖြစ်မယ်ပေါ့၊ အဲလိုပဲ ယုံကြည်နေကြတယ်ဗျ။ ပိုဆိုးတာက မဲသွားမထည့်ဘူးလို့ နေချင်တောင်မှပဲ ဒီလိုလူတွေကို မှတ်ထားမယ်ဆိုပြီး လေသံပစ်တယ်ဗျ။ ပေါ်တင်ကြီးတော့ မခြိမ်းခြောက်ဘူး။ ဆရာတို့ မထည့်ရင်လည်း ရတော့ရတယ်တဲ့။ ဒါပေမယ့် နောက်ပိုင်း ဘယ်လို အရေးယူမယ်ဆိုတာ ကျနော်တို့လည်း မခန့်မှန်းတတ်ဘူးလေ တဲ့၊ အဲလိုကို ပြောတာဗျ

ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးအောက်မှာ ဗဟိုဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည် ဖောင်ကြီး၊ ဗဟိုဝန်ထမ်းတက္ကသိုလ်၊ အထက်ဗမာပြည် ဇီးပင်ကြီး၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် စစ်ကိုင်းရွာသာကြီး ဆိုပြီး တက္ကသိုလ် ၃ ခု ဖွဲ့စည်းထားပါတယ်။ မြန်မာ စစ်အစိုးရဟာ  ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ ကျင်းပခဲ့တုန်းကလည်း အခုလို ခြိမ်းခြောက် အကြပ်ကိုင်ပြီး   ကြိုတင်မဲ  ကောက်ယူခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။