မြောင်းမြမြို့ ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်တယ်ဆိုပြီး အဖမ်းခံရသူ ရှစ်ဦးခန့်ရှိ
ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ပြီးခဲ့တဲ့လကဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး အဖမ်းခံရတဲ့ ဒေသခံ ဒီနေ့အထိ ရှစ်ဦးရှိပြီလို့ မြောင်းမြမြို့ခံတွေက RFA ကို စက်တင်ဘာလ ၁၃ ရက် ဒီနေ့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က မြောင်းမြမြို့အမှတ် (၄) နယ်မြေ ဗိုလ်ဗထူးလမ်းပေါ် မှာရှိတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးရုံးအနားနဲ့ အထူးစုံစမ်းစစ်ဆေးရေး (စစစ) ရုံးအနားမှာ ဗုံးနှစ်ကြိမ် ပေါက်ကွဲခဲ့ပြီးနောက် အခုလို ဖမ်းဆီးခံရတာပါ။
ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ညတွင်းချင်းပဲ စစ်ကောင်စီတပ်သားတွေက ဒေသခံလေးဦးကို စတင် ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောင်းမြမြို့ခံတစ်ဦးက RFA ကို ပြော ပါတယ်။
“ဗုံးပေါက်တာက ညရှစ်နာရီလောက်မှာ ပေါက်တာ။ ပေါက်ပြီးသိပ်မကြာဘူး အမျိုးသား လေးဦး အဖမ်းခံလိုက်ရတယ်။ ဗုံးပေါက်လို့လား သူတို့ရဲ့ လူမှုကွန်ရက်မှာ ပိုစ့်တွေတင် လို့ပဲလားတော့ သေသေချာချာ မပြောနိုင်သေးဘူး။ နောက်ရက်ကျတော့ တည်းခိုခန်း တစ်ခုမှာ အမျိုးသားနှစ်ယောက် ထပ်အဖမ်းခံရတယ်။ အဲဒါကတော့ ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်တယ်လို့ သိထားတယ်။ ဒီရက်ပိုင်းအထိ ကျနော် သိရသလောက် အဖမ်းခံ ထားရတာ ရှစ်ဦးလောက်ရှိပြီ”
အဲဒီဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ မြောင်းမြခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြု နိုင်ပါဘူး။
အဲဒီပေါက်ကွဲမှုနဲ့ ဆက်စပ်တယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် အဖမ်းခံရသူ စုစုပေါင်း ၃၀ နီးပါးရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနေဆဲ ဖြစ်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေနဲ့ပတ်သက်ပြီး အတိအကျသိနိုင်ဖို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က အဆင့်မြင့် အရာရှိကြီးတစ်ဦးကို RFA ကဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူတို့ဆီကို အစီရင်ခံစာ မရောက်သေးကြောင်းသာ ပြန်လည်ဖြေဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ဧရာဝတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်ကလည်း အိမ်မဲမြို့က လျှပ်စစ်ရုံး ဗုံးပေါက်ကွဲခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီ တပ်သားတွေက ဒေသခံ ၃၀ ခန့်ကိုဖမ်းဆီးခဲ့ပြီး အခုချိန်ထိ တစ်ဦးမှပြန်လွတ် မလာသေးဘူးလို့ အိမ်မဲမြို့ခံတွေက ပြောပါတယ်။