ရွေးကောက်ပွဲ စံနစ်ပြောင်းဖို့ ၁ဝ ပါတီတင်ပြ
2012.07.27

လွှတ်တော်တွင်းမှာ ပြည်သူလူထုရဲ့ ဆန္ဒကို အပြည့်အဝ ကိုယ်စား မပြုနိုင်ခြင်း၊ အချိုးညီသည့် ကိုယ်စားပြုမှု မဖြစ်ခြင်း၊ ပါတီစုံစနစ် ပပျောက်သွားနိုင်ခြင်းနဲ့ ရွေးကောက်ခံ အာဏာရှင်စနစ် အဖြစ်ကို ရောက်ရှိ သွားနိုင်ခြင်း စတဲ့အချက်တွေကို ထောက်ပြပြီး လက်ရှိ ကျင်းပနေတဲ့ ရွေးကောက်ပွဲ ကျင်းပပုံ စနစ်ကို ပြောင်းလဲဖို့အတွက် ဇူလိုင်လ ၁၃ ရက်နေ့မှာ ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီက ရွေးကောက်ပွဲ ကော်မရှင်ထံ စာတမ်းတစ်စောင် တင်သွင်းခဲ့ပြီးနောက်မှာ အခုလို တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
တနေ့တည်းမှာပဲ ဒီမိုကရေစီ မိတ်ဆွေ (၁၀) ပါတီ ကိုယ်စားလှယ်တွေဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို သွားရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ၁ဝ ပါတီ ကိုယ်စားလှယ်တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဒီမိုကရေစီ မိတ်ဆွေ ၁ဝ ပါတီ အဖွဲ့မှာ ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသား ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီနဲ့ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီတို့ ပါဝင်ပါတယ်။