၂ဝ၁ဝ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ စုပေါင်းဖွဲ့စည်း
2011.01.15
ဒါ့အပြင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှု ရုပ်သိမ်းပေးဖို့နဲ့ မကြာခင် ဖွဲ့စည်းတော့မယ့် အစိုးရမှာ တိုင်းရင်းသားတွေထဲက ဒု-သမ္မတ ခန့်အပ်ပေးဖို့ ဆိုတဲ့အချက် အပါအဝင် စုစုပေါင်း အချက် ၅ ချက် ပါ သဘောထား ကြေညာချက်ကိုလည်း ဒီကနေ့ ထုတ်ပြန်လိုက်တယ်လို့ အဲဒီ NBF အဖွဲ့ ဖွဲ့စည်းရာမှာ ပါဝင်တဲ့ ချင်းအမျိုးသားပါတီ CNP ဥက္ကဋ္ဌ ပူးဇိုဇံ က အာအက်ဖ်အေကို ပြောပါတယ်။
“နံပါတ်-တစ် အချက်ကတော့ ပြည်ထောင်စု မြန်မာနိုင်ငံအပေါ်မှာ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေ ဦးဆောင်ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုကို တိုင်းရင်းသား ဒေသတွေရဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရုပ်သိမ်းပေးပါရန်၊ နံပါတ်-နှစ်က တပ်မတော်နဲ့ အနိုင်ရပါတီတွေ ရွေးထားတဲ့ နိုင်ငံတော်သမ္မတကို လက်ခံပါတယ်၊ တဆက်တည်းပဲ တိုင်းရင်းသားထဲက ခေါင်းဆောင်တဦးဦးကို ဒုတိယ သမ္မတ အဖြစ် ရွေးချယ်ပေးဖို့ မေတ္တာရပ်ခံ လိုက်ပါတယ်”
အဲဒီ အချက်တွေထဲမှာ အထက်လွှတ်တော်မှာ ဖြစ်စေ၊ အောက်လွှတ်တော်မှာ ဖြစ်စေ တိုင်းရင်းသား ပါတီတွေ ထဲကနေ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယ လွှတ်တော်ဥက္ကဋ္ဌကို ခန့်အပ်ပေးဖို့၊ ပြည်နယ်အသီးသီးက အစိုးရအဖွဲ့တွေမှာ ပြည်နယ်ပါတီတွေက ဝန်ကြီးနေရာတွေ အချိုးကျ ပါဝင်ခွင့်ပြုဖို့နဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ စတာတွေလည်း ပါဝင်ပါတယ်။
ညီနောင်တိုင်းရင်းသား ပါတီများ NBF အဖွဲ့ကို ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်မှာရှိတဲ့ ရှမ်း-ကျားဖြူပါတီ ခေါ်SNDP ရုံးမှာ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP ၊ ချင်းအမျိုးသားပါတီ CNP ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ AMDP က ပါတီခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ တက်ရောက်ပြီး သဘောတူ ဖွဲ့စည်းလိုက်တာပါ။
ဒီ ဆွေးနွေးပွဲကို မတက်ရောက်နိုင်တဲ့ ဖလုံစဝေါ ကရင်အမျိုးသားပါတီက သဘောတူကြောင်း ဆက်သွယ် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အခုလို ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေ စုပေါင်းအဖွဲ့ ဖွဲ့စည်းလိုက်တဲ့ အကြောင်း အသေးစိတ်ကို အာအက်ဖ်အေ ဦးခင်မောင်စိုးမင်းက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |