ကယားပြည်နယ် ကျေးရွာ ၅၀ နီးပါး မီးလင်းရေး စီမံကိန်းစတင်


2013.09.21
loikaw-305.jpg လွိုင်ကော်မြို့ မြို့တော်ခန်းမမှာ စက်တင်ဘာလ ၂၁ ရက်နေ့ ကကျင်းပတဲ့ လယ်ယာမြေ စီမံခန့်ခွဲအသုံးချမှု၊ ကျေးရွာ မီးလင်းရေးနဲ့ သောက်သုံးရေရရှိနိုင်ရေး တွေ့ဆုံပွဲကို တွေ့ရစဉ်
photo: RFA/ Nay Thwae

ကယားပြည်နယ်က ကျေးရွာပေါင်း ၄၇ ရွာကို ၂၀၁၃/၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်မီးရအောင်ဆောင်ရွက်ပေးဖို့ ကယားပြည်နယ် လျှပ်စစ်ဝန်ကြီးဌာနက ခွင့်ပြုထားပြီဖြစ်ကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး က ပြောပါတယ်။

မနေ့က လွိုင်ကော်မြို့ မြို့တော်ခန်းမမှာကျင်းပတဲ့ လယ်ယာမြေ စီမံခန့်ခွဲအသုံးချမှု၊ ကျေးရွာမီးလင်းရေး နဲ့ သောက်သုံးရေရရှိနိုင်ရေး တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြောကြားခဲ့တာပါ။

ကယားပြည်နယ် လွိုင်ကော်မြို့နယ်က ၁၄ ရွာ ၊ ဒီမောဆိုမြို့နယ်က ရွာပေါင်း ၂၀ နဲ့ ဖရူဆိုမြို့နယ်က ၁၃ ရွာမှာ လျပ်စစ်မီးရဖို့အတွက် ၁၁ KV ကေဗွီ ဓါတ်အားလိုင်း တပ်ဆင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကျေးရွာတွေအတွက် မီးပေးရေးအစီအစဉ်ကို မဟာငွေတောင်ကုမ္ပဏီ၊ ကောင်းဝင့်စံကုမ္ပဏီနဲ့ ဦးကြည်သိန်းကုမ္ပဏီတို့က ဆောက်လုပ်ခွင့်ခွင့်ပြုချက် ရရှိထားတယ်လို့သိရပါတယ်။

ကယားပြည်နယ်မှာ ကျေးရွာပေါင်း ၅၁၁ ရွာရှိပြီး လက်ရှိအချိန်မှာ ကျေးရွာ ၁၀၈ ရွာမှာ လျှပ်စစ်မီးရရှိနေပြီး ရွာပေါင်း ၄၀၀ အထိ မီးလင်းရေးစီမံကိန်းတွေ ပြင်ဆင်နေပြီလို့ ကယားပြည်နယ်အစိုးရက ပြောပါတယ်။

ကယားပြည်နယ်မှာ လောပိတ ရေအားလျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး စီမံကိန်းကြီးရှိပေမယ့် ဒေသခံပြည်သူတွေ အတွက် လျှပ်စစ်ဓါတ်အား မရရှိတာကြောင့် KNPP ကရင်နီအမျိုးသားလွတ်မြောက်ရေးပါတီ အပါအဝင် အဖွဲ့အစည်းအတော်များများက ယခင်စစ်အစိုးရအဆက်ဆက်ကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။