ပတ်ဝန်းကျင် အရေးလှုပ်ရှားသူ ဦးမြင့်ဇော် Goldman ဆု ချီးမြှင့်ခံရ
2015.04.20

ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းဆိုင်းငံ့သွားအောင် စည်းရုံးလှှုံ့ဆော်ကြိုးပမ်း တဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေထဲက ဦးမြင့်ဇော်ကို အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စ္စကိုမြို့ အခြေစိုက် Goldman သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးအဖွဲ့က ၂၀၁၅ ခုနှစ်အတွက် ဆုပေးအပ်ချီးမြှင့်ကြောင်း လူမှုမီဒီယာက တဆင့် ကြေညာခဲ့ပါတယ်။
အာရှတိုက်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ စွမ်းစွမ်းတမံ ဆောင်ရွက်မှုအတွက် မြန်မာနိုင်ငံ ရန်ကုန်မြို့က ဦးမြင့်ဇော်ကို ၂၀၁၅ Goldman သဘာဝပတ်ဝန်းကျင်ဆု ပေးအပ်လိုက်ပါတယ်လို့ ကြေညာခဲ့တာပါ။
ဆုချီးမြှင့်ပွဲကို အခုသတင်းကြေညာချိန်အတွင်း ဆန်ဖရန်စ္စကိုမြို့မှာ ကျင်းပနေပြီး မြေကမ္ဘာနေ့ကျရောက်တဲ့ ဧပြီ ၂၂ ရက်မှာ ဝါရှင်တန်ဒီစီမြို့တော်မှာ ထပ်မံကျင်းပပါမယ်။
အောက်ခြေထိထိုးဖောက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝသယံဇာတ ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေး၊ အရပ်ဘက် လူထု အကျိုးဆောင်ရေး၊ ပတ်ဝန်းကျင်သာယာရေး၊ မြေယာစီမံခန့်ခွဲရေး၊ လူ့အခွင့်အရေး စတဲ့ ကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့်ထဲထဲဝင်ဝင် ဆောင်ရွက်သူတွေကို ချီးမြှင့်တာပါ။
ဒီ Goldman သဘာဝပတ်ဝန်းကျင်ဆုဟာ ကမ္ဘာမှာ ပထမဆုံးချီးမြှင့်တဲ့ ပတ်ဝန်းကျင် ဆိုင်ရာဆုဖြစ်ပြီး အထင်ရှားဆုံး ဆုတစ်ဆုလည်းဖြစ်ပါတယ်။ ၂၀၁၅ အတွက် မြန်မာ၊ ကနေဒါ၊ ဟေတီ၊ ကင်ညာ၊ စကော့ တလန်နဲ့ ဟွန်ဒူရပ်စ်နိုင်ငံက ပုဂ္ဂိုလ်တွေကို ချီးမြှင့်ခဲ့ပါတယ်။
ဦးမြင့်ဇော်ဟာ ဒီဆုကို မြန်မာနိုင်ငံသားတွေထဲက ဒုတိယမြောက်ဆွတ်ခူးသူပါ။ မြန်မာနိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့ထား ချိန်မှာ ပြည်ပရင်းနှီး မြှုပ်နှံမှုနဲ့ အကောင်အထည်ဖော်တဲ့ ရေနံနဲ့ သတ္တူတွင်းလုပ်ငန်းတွေကို ကန့်ကွက် ဆန့်ကျင်တဲ့ ကရင် အမျိုးသား စောကဆာဝါ ဟာ ဒီ Goldman သဘာဝပတ်ဝန်းကျင်ဆုကို ၁၉၉၉ ခုနှစ်က ရရှိခဲ့ပါတယ်။
ဒီဆုနဲ့ပတ်သက်ပြီး ဒေါ်စမ်းစမ်းတင်က စုစည်းတင်ပြထားပါတယ်။