တိုင်းရင်းသား မီဒီယာများ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းမည်
2014.03.06

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ တိုင်းရင်းသား သတင်းမီဒီယာကွန်ရက်အဖွဲ့က အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ ၃ ရက်ကြာကျင်းပခဲ့တဲ့ တိုင်းရင်းသား သတင်းမီဒီယာ ညီလာခံကနေ တိုင်းရင်းသား သတင်းမီဒီယာကွန်ရက် ကိုဖွဲ့စည်းပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အဲဒီညီလာခံက ပြောခွင့်ရှိသူ နေရိဉ္ဇရာသတင်းဌာန အယ်ဒီတာ ဦးခိုင်မရကျော်က ပြောပါတယ်။
"နိုင်ငံရဲ့ငြိမ်းချမ်းရေးကို ကျနော်တို့ တိုင်းရင်း မီဒီယာသမားတွေက အတတ်နိုင်ဆုံး နိုင်ငံတော် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့နဲ့ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံမှာ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် တိုင်းရင်းမီဒီယာတွေအနေနဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်သွားမယ်လို့ ကျနော်တို့ ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်"
ဒါ့အပြင် တတိယအကြိမ်မြောက် တိုင်းရင်းသား သတင်းမီဒီယာ ညီလာခံကိုလည်း ၂၀၁၅ခုနှစ် မတ်လမှာ ချင်းပြည်နယ် ဟာခါးမြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။
ညီလာခံပြောခွင့်ရှိသူ နေရိဉ္ဇရာသတင်းဌာန အယ်ဒီတာ ဦးခိုင်မရကျော် ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။