သန်းခေါင်စာရင်းကိစ္စ တိုင်းရင်းသားအဖွဲ့များ တင်ပြ


2014.02.17
khon-ja-305.jpg ရန်ကုန်မြို့ လှည်းတန်းမြို့နယ် Community Response Group ရုံးခန်းမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က သန်းခေါင် စာရင်း ကောက်ယူဖို့ကိစ္စနဲ့ ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဒေါ်ခွန်ဂျာ ရှင်းလင်းနေစဉ်
photo: RFA/ Nay Myo Htun

တိုင်းရင်းသားလူမျိုးတွေရဲ့ စိုးရိမ်ပူပန်မှုတွေ ကို ဖြေရှင်းပြီးမှသာ ၂၀၁၄ သန်းခေါင်စာရင်း ကောက် ယူဖို့နဲ့ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်အနေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တချိန်တည်း တပြိုင်တည်း တွေ့ဆုံဆွေးနွေးပေးဖို့ တိုင်းရင်းသား အဖွဲ့အစည်း ၂၁ ဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

တိုင်းရင်းသား အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ဟာ ဒီနေ့ ရန်ကုန်၊ လှည်းတန်းမြို့နယ် Community Response Group ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး တိုင်းရင်းသားတွေရဲ့ နစ်နာချက်ကို ရှင်းပြခဲ့ပါတယ်။ သန်းခေါင်စာရင်းမှာ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးဆိုပြီး သတ်မှတ်ထားတာဟာ တိုင်းရင်းသားအတော်များများအတွက် နစ်နာစေတယ် လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာက RFA ကို အခုလိုပြောပါတယ်။

"ဒီ ၁၃၅ မျိုးဆိုပြီး တိုင်းရင်းသားလူမျိုးများကို သတ်မှတ်ရာမှာ ၁၃၄ မျိုးသော ဗမာမဟုတ်သော တခြားတိုင်းရင်းသား အားလုံးအပေါ်မှာ ထိခိုက်နစ် နာစေပါတယ်၊ ထိခိုက်နစ်နာပုံ နစ်နာနည်းက မတူညီကြပါဘူး၊ အဲဒီ ၁၃၄ ကိုယ်တိုင်က ပြဿ နာဖြစ်နေတယ်၊ အဲဒါက ကျမတို့ မြန်မာနိုင်ငံ လူဦးရေနဲ့ဆိုရင် ၄ဝ ရာခိုင်နှုန်းဖြစ်နေပါတယ်၊ အဲဒီတော့ ၄ဝ ရာခိုင်နှုန်းကို ထိခိုက်တဲ့လုပ်ငန်းဟာ ကျမတို့ မြန်မာနိုင်ငံရဲ့အရေး ဖြစ် တယ်ပေါ့၊ ပြည်ထောင်စုအရေး ဖြစ်တဲ့အတွက်ကြောင့်မို့ ကျမတို့အတူတကွ စုစည်းပြီးတော့မှ ဒီကြေညာချက်ကို ထုတ်ရခြင်းဖြစ်ပါတယ်"

ဒါ့အပြင် သန်းခေါင်စာရင်းမှာ သတ်မှတ်ထားတဲ့အတိုင်း တိုင်းရင်းသား ၁၃၅ မျိုးဆိုတာကိုအခြေခံပြီး တိုင်းရင်းသား မျိုးနွယ်စုအရေအတွက်ကို မသတ်မှတ်ဖို့ ၊  တိုင်းရင်းသားမျိုးနွယ်စုတွေ အရေအတွက်ကို သတ်မှတ်နိုင်ဖို့အတွက် တိုင်းရင်းသားလူမျိုးစုတွေ ပါဝင်ဆုံးဖြတ်ခွင့်ရှိတဲ့ အခွင့်အလမ်းတွေ ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

လက်ရှိ သန်းခေါင်စာရင်းမှာပါရှိတဲ့ မျိုးနွယ်စုအမည်တွေဟာ မှားနေတာတွေလည်း ပါဝင်သလို ၊ မျိုးနွယ်စုမဟုတ်တာကို မျိုးနွယ်စုအဖြစ် သတ်မှတ်ထားတာတွေလည်း တွေ့ရှိရကြောင်း ၊ မျိုးနွယ်စုတစ်ခုတည်းကိုပဲ ဒေသန္တရအခေါ်နဲ့ ၂ ကြိမ် ၃ ကြိမ် သတ်မှတ်ထားတာတွေ ပါဝင်နေကြောင်းလည်း တိုင်းရင်းသား အဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။

မျိုးနွယ်စု သတ်မှတ်မှုတွေမှာ ဘယ်လိုမှားယွင်းနေသလဲ၊ တိုင်းရင်းသားအဖွဲ့တွေဘက်က ဘယ်လိုဖြစ်စေချင်သလဲဆိုတာကို အဖွဲ့တွေရဲ့ပြောခွင့်ရပုဂ္ဂိုလ် ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။