EU က မြန်မာကို ဒေါ်လာ သန်း ၉ဝဝ ကူညီမည်


2014.12.08

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ အားကောင်းမောင်းသန်ဖြစ်လာဖို့အတွက် လာမယ့် ၇ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၉ဝဝ ကူညီသွားမယ်လို့ ဥရောပသမဂ္ဂ EU က မနေ့က ကြေညာ ခဲ့ပါတယ်။

၂ဝ၁၄ ခုနှစ်က ၂ဝ၂ဝ ပြည့်နှစ်အထိ ထောက်ပံ့ကူညီသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန်သမ္မတ အိုဘားမားက သတင်းလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးအပါအဝင် မြန်မာ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေရဲ့တချို့ ကဏ္ဍတွေ နောက်ပြန် ဆုတ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီလိုပြောကြားခဲ့အပြီး မနေ့ကတော့ ဥရောပသမဂ္ဂရဲ့ မြန်မာကိုထောက်ပံ့ကူညီမယ့် ကြေညာချက် ထွက်ပေါ် လာခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်မှုတွေ တိုးမြှင့်ရေးအပါအဝင် ကဏ္ဍစုံ အသွင်ကူးပြောင်းရေးတွေ အားဖြည့်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၉ဝဝ နီးပါးနဲ့ညီတဲ့ ယူရိုငွေ ၆၈၈ သန်းကို ၂၀ဝ၁၄ ခုနှစ်က ၂ဝ၂ဝ ပြည့်နှစ်အတွင်း လက်ခံရရှိမှာဖြစ်တယ်လို့ ဥရောပသမဂ္ဂ EU က ပြောပါတယ်။

အီးယူရဲ့ ဥရောပ ကော်မရှင်ကလည်း  ဒီအကူအညီဟာ မြန်မာ့ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ စားနပ်ရိက္ခာနဲ့ အာဟာရဓါတ်ပြည့်ဝရေးတွေအပြင်၊ အုပ်ချုပ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးတွေအတွက်ပါ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ကြောင်းပြောဆိုပါတယ်။

အီးယူအနေနဲ့ ဒီအကူအညီတွေနဲ့ပတ်သက်ပြီး သုံးစွဲတဲ့နေရာ၊ သုံးပုံသုံးနည်း၊ ထိရောက်မှုရှိမရှိ စတာတွေကို အနီးကပ်စောင့်ကြည့်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ဒီအတွင်း ကုလသမဂ္ဂကလည်း ၂ဝ၁၅ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းက စစ်ဘေး၊ အငတ်ဘေး၊ ရောဂါဘယဘေး ဒုက္ခတွေအပါအဝင် လူသားချင်းစာနာရေး အကူအညီတွေလိုအပ်နေသူ ၅၇ သန်းကျော်အတွက် အမေရိကန်ဒေါ် လာ ၁၆.၄ ဘီလျံ ပံ့ပိုးကူညီကြဖို့ မနေ့က တောင်းခံလိုက်ပါတယ်။ အဲ့ဒီ ဒုက္ခသည်တွေရှိရာ နိုင်ငံတွေထဲ မှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။