မြန်မာအပေါ်ပိတ်ဆို့မှု အီးယူ ပိုမိုလျှော့ပေါ့မည်
2012.04.17

ပြီးခဲ့တဲ့ ဇန်နဝါရီလက မြန်မာအစိုးရအပေါ် ဥရောပ ခရီးသွားလာခွင့်ဗီဇာ ပိတ်ပင်ထားတာကို မိမိတို့ ယာယီဆိုင်းငံ့ ခဲ့ပါတယ်။ ဒီလကုန်ပိုင်းမှာတော့ ပိတ်ဆို့မှုတွေကို ပိုပြီး လျှော့ပေါ့ပေးသွားမှာ ဖြစ်ပါတယ်လို့ ဥရောပပါလီမန်မှာ ပြောကြားခဲ့ပါတယ်။
မိမိတို့ အနေနဲ့ လက်ရှိမြန်မာပြည်မှာ တွေ့မြင်နေရတာတွေဟာ ရှေ့ကိုတိုးတက်ရေးအတွက် အခွင့်အလမ်းပဲလို့ မျှော်လင့်ပါတယ်။ မိမိတို့ အနေနဲ့လည်း အခုထက်ရှေ့ကိုတိုးပြီး မြန်မာပြည်နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ မြန်မာ့ပြုပြင် ပြောင်းလဲမှုတွေကို ပံ့ပိုး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး တိုးတက်ဖွံ့ဖြိုးလာအောင် အားပေးကူညီကြရမှာ ဖြစ်ပါတယ်လို့ မစ္စ အက်ရှတန်က ပြောဆိုပါတယ်။
ဒါပေမဲ့ ဘာတွေကို ဘယ်လောက်အထိ ပိုပြီးလျှော့ပေါ့ပေးမှာလဲဆိုတာ အသေးစိတ် မပြောဆိုခဲ့ပါဘူး။ လာမယ့် ဧပြီလ (၂၃) ရက် တနင်္လာနေ့ကျရင် အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေ လူဇင်းဘတ်နိုင်ငံမှာ မြန်မာကိစ္စ ဆွေးနွေး ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။
အဲဒီအခါ ဥရောပနိုင်ငံတွေကို မြန်မာပြည်မှာ ရင်းနှီး မြှုုပ်နှံခွင့်တွေ ဖွင့်ပေးတာ၊ အရင်က တင်သွင်းဖို့ ပိတ်ဆို့ထားခဲ့တဲ့ မြန်မာ့ ကျောက်မျက်ရတနာ၊ သစ်၊ သတ္တုစတာတွေအပေါ် ပြန်ဖွင့်ပေးတာတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ လေ့လာသူတွေက မှန်းဆနေကြပါတယ်။ ဒါပေမဲ့ လက်နက် အရောင်းအဝယ် ပိတ်ဆို့ထားတာကိုတော့ ဆက်လက် ကိုင်စွဲထားလိမ့်မယ်လို့လည်း မျှော်လင့်ကြပါတယ်။
ဒီအတွင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးကို ဘရပ်ဆဲမြို့ကို လာရောက်ဖို့ ဖိတ်ကြားထားပြီး၊ မိမိလည်း ဧပြီလ ၂၈ ရက် ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း အီးယူ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ မစ္စ ကက်သရင်း အက်ရှတန်က ဥရောပပါလီမန်မှာ ပြောဆိုခဲ့ပါတယ်။