လုပ်ကြံဖော်ပြထားတဲ့ ဗွီဒီယို၊ ဓာတ်ပုံများ ပါကစ္စတန်မှ လာကြောင်း အိန္ဒိယတွေ့ရှိ
2012.08.19
နည်းပညာကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ အဲဒီ လုပ်ကြံဖေါ်ပြထားတဲ့ ပုံတွေကို ပါကစ္စတန် နိုင်ငံအတွင်းက အင်တာနက် ဘလော့ စာမျက်နှာတစ်ခုမှာ စတင်ဖေါ်ပြခဲ့တာလို့ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး က ပြောပါတယ်။
ဒီကိစ္စကို ပါကစ္စတန် အစိုးရနဲ့ဆွေးနွေးသွားမှာ ဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံထဲကနေ အခုလို လုပ်ကြံ ဝါဒဖြန့်တဲ့ ပုံတွေ စတင်ခဲ့တာနဲ့ ပတ်သက်တဲ့ နည်းပညာဆိုင်ရာ အထောက်အထားတွေ ရှိကြောင်းလည်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
အဲဒီ လုပ်ကြံဖေါ်ပြထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ဖြန်ချိတဲ့ ဝက်ဆိုဒ်ပေါင်း အနည်းဆုံး ၁၁၀ ကျော် ပါဝင်နေတာ တွေ့ရပြီး၊ အဲဒီထဲက ၇၆ ခုကို အိန္ဒိယအစိုးရက ပိတ်ပင်လိုက်ပါတယ်။
လုပ်ကြံထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေထဲမှာ ဆိုင်ကလုံး မုန်တိုင်းဒဏ်ကြောင့် သေဆုံးနေတဲ့ အလောင်းတွေကို အာသံပြည်နယ်ထဲမှာ မူဆလင်တွေကို နှိပ်စက် သတ်ဖြတ်ထားတဲ့ပုံတွေ အဖြစ် ဖေါ်ပြထားပြီး၊ ငလျင်ဒဏ်ကြောင့် သေဆုံးသူတွေရဲ့ပုံတွေကို မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင်တွေက မူဆလင်တွေ ကို သတ်ဖြတ်ထားတဲ့ပုံတွေ အဖြစ် ဖေါ်ပြထားလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းက အာသံပြည်နယ်မှာ မူဆလင်တွေကို သတ်ဖြတ်ခဲ့တဲ့ အတွက် လက်စားချေ တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ အင်တာနက် နဲ့မိုဘိုင်းဖုန်းတွေမှာ ပျံ့နှံ့ခဲ့တာကြောင့် ထောင်သောင်း ချီတဲ့ အာသံနယ်သူနယ်သား တွေ မွန်ဘိုင်း အပါအဝင် မြို့ကြီးတွေကနေ နေရပ်ကို ပြန်သွားခဲ့ကြပါတယ်။
ဒီလိုခြိမ်းခြောက်တဲ့ တယ်လီဖုန်း သတင်းတွေ၊ အင်တာနက် စာမျက်နှာတွေပေါ်က ပုံတွေကို ပါကစ္စတန်နိုင်ငံထဲကနေ စတင်ခဲ့တာလို့ အိန္ဒိိယပြည်ထဲရေး ဝန်ကြီး က ပြောဆိုခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပါကစ္စတန် အစိုးရကတော့ မဟုတ်မမှန်ကြောင်း ငြင်းဆိုပါတယ်။