လက်ပန်းတောင်းသပိတ်မှာ ဒဏ်ရာရ သူများကို နယ်ပယ်အသီသီး က ခေါင်းဆောင်များ တွေ့ဆုံအားပေး
2012.11.30

ဆရာတော်အရှင်ဉာဏိဿရက မုံရွာမြို့ လက်ပန်တောင်းတောင်ကာကွယ်ရေး ကော်မတီကနေတဆင့် ကျပ်ငွေ ၂၅ သိန်း လှူဒါန်းတယ်လို့ ကော်မတီဝင်တွေကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒဏ်ရာရသံဃာတော်တွေကို အားပေးစကားပြောပြီး သူ့အနေနဲ့ အတတ်နိုင်ဆုံးကူညီမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကလဲ သူတို့ကိုကူညီဖို့ ရန်ကုန်ကနေထွက်ခွါသွားပြီလို့ သိရပါတယ်။
ဒဏ်ရာရသူတွေက သံဃာတော် ၂၈ပါးနဲ့ ဝက်မှေးရွာသား ကိုကျော်စွာ တို့ဖြစ်ပါတယ်။ အခုချိန်ထိ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသူတွေက ဆရာတော် အရှင်စန္ဒောဘာသနဲ့ ကိုရင် အရှင်သုဇန ဖြစ်ပါတယ်။ အရှင်စန္ဒောဘာသဟာ ဘယ်ဖက်မျက်လုံးထိထားပြီး ခန္ဓာကိုယ်မှာလဲ နေရာအနှံ့မီးလောင်ခံထားရလို့ ခွဲစိပ်ကုသမှုခံထားရပါတယ်။ အရှင်သုဇနကတော့ ခါးအောက်ပိုင်းတခုလုံး မီးလောင်ခံထားရပါတယ်။ လက်ရှိအခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့တဲ့အကြောင်း ဒဏ်ရာရသူတွေကို ကူညီနေတဲ့ မုံရွာမြို့ခံတွေကပြောပါတယ်။