လယ်သမားနဲ့ စစ်တပ်ပြဿနာ ဝန်ကြီး သွားရောက်ဖျန်ဖြေ

၈၈ မျိုးဆက် ကျောင်းသားတွေ ဝင်ရောက် ညှိနှိုင်းပေးနေတဲ့ သံလျင်မြို့နယ် အလွမ်းဆွတ်ရွာမှာ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုတပ်က အဓမ္မ သိမ်းထားတဲ့ လယ်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး သွားရောက် ဖြေရှင်းခဲ့တယ်လို့ သိရပါတယ်။

2012.07.27
farmer-thanlyn-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်က ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း စစ်တပ်က အဓမ္မ သိမ်းယူထားသည့် လယ်မြေတွင် လယ်သမားများ ဝင်ရောက်ထွန်ယက်နေကြစဉ်။
RFA

ဒါပေမယ့် လယ်သိမ်းထားတဲ့ ရေတပ်က လယ်တွေ ပြန်မပေးနိုင်ဘူးလို့ ပြောသလို သူတို့ဟာ ကုမ္ပဏီ မဟုတ်တဲ့အတွက် လျော်ကြေးလည်း မပေးနိုင်ဘူးလို့ ပြောဆို လိုက်ပါတယ်။

ဒါကြောင့် အခုလို အပြောင်းအလဲ ကာလမှာ တပ်မတော်နဲ့ ပြည်သူ ထိပ်တိုက်တွေ့တာမျိုး မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ညှိနှိုင်း ဖြေရှင်းကြဖို့ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးက ပြောသွားခဲ့တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ရဲ့ လယ်သမားအရေး ဆောင်ရွက်သူ ကိုမျိုးသန့်က RFA ကိုပြောပါတယ်။

"လုံခြုံရေးဝန်ကြီးက ဘာပြောသလဲဆိုတော့ ခင်ဗျားတို့ဘက်က ထိပ်တိုက် မတွေ့ကြပါနဲ့တော့၊ တပ်မတော်နဲ့ ပြည်သူနဲ့ ထိပ်တိုက် တွေ့တယ်ဆိုတာ မကောင်းပါဘူး။ ဒီခေတ် ဒီအခါမှာ မဖြစ်သင့်တော့ပါဘူး ဆိုပြီးတော့ ပြောတယ်ဗျာ။ ပြောတော့ အဲဒီဖြေရှင်းမှု အနေအထားကို ကျွန်တော်တို့က လုံးဝ သဘောတူတာတော့ မဟုတ်ဘူး။ သို့သော် လယ်ယာမြေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဝန်ကြီးတစ်ယောက်က လာပြီးတော့ ဖြေရှင်းပေးတဲ့ အဆင့်ဟာ ဒါပထမဆုံးလို့ ဖြစ်နေတဲ့ အနေအထားမျိုး ရှိနေသလို သူပြောသွားတဲ့ ပုံစံကလည်းပဲ အဓိက ဇောင်းပေးတာက ပြဿနာတွေ မဖြစ်ဖို့ အရေး ညှိညှိနှိုင်းနှိုင်း ဖြေရှင်းသွားကြရရင် ကောင်းမယ်ဆိုတဲ့ အနေအထားကိုပဲ ဇောင်းပေးပြီးပြောတာ ဖြစ်တဲ့အတွက် တစုံတရာတော့ အသိအမှတ်ပြုရမဲ့ အနေအထား ရှိနေပါတယ်။ အဲအတွက် လယ်သမားများကိုလည်း ကျွန်တော်တို့က တွန်းတွန်း တိုက်တိုက် ဆက်ပြီးတော့ ထွန်ယက်တဲ့ ပုံစံမျိုး ဖြစ်နိုင်ရင် ဆက်မလုပ်ဖို့ ကျွန်တော်တို့ အကြံပေးခဲ့တယ်။ လယ်သမားကလည်း ဒီနေ့တော့ ဆက်ပြီးတော့ မထွန်ဘူး"

အခုလို ဖြစ်နေတဲ့ ကာလမှာ လယ်သမား ပြဿနာ ဖြေရှင်းဖို့ ကော်မရှင်ဖွဲ့မယ်ဆိုတဲ့ လွှတ်တော်က ဆုံးဖြတ်ချက်လည်း ရှိလာတဲ့အတွက် အဲဒီ ကော်မရှင်ကနေ တဆင့် အလွမ်းဆွတ် လယ်သမားတွေ ကိစ္စကို တင်ပြ ဖြေရှင်းသွားမယ်လို့ ကိုမျိုးသန့်က ပြောပါတယ်။

မနေ့ မနက်ကတော့ အဲဒီလယ်တွေမှာ မူလ လယ်သမားတွေ ပြန်ထွန်နေတာကို လယ်သိမ်းထားတဲ့ စစ်ရေယာဉ်စုတပ်က အင်အားနဲ့ သွားရောက် တားဆီးခဲ့တဲ့အတွက် ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ လယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ ရောက်သွားပြီး အခြေအနေ တည်ငြိမ်အောင် ထိန်းသိမ်းခဲ့ပါတယ်။

အဲဒီနောက် ပြဿနာ ပြေလည်ဖို့အတွက် ၈၈ မျိုးဆက် ကျောင်းသားတွေက နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးကို ဆက်သွယ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။