ဆရာစံမွေးနေ့ တောင်သူ လယ်သမားနေ့ ဖြစ်စေလို


2014.03.02
sayar-san-305.jpg အင်္ဂလိပ် နယ်ချဲ့အစိုးရကို တော်လှန်ခဲ့တဲ့ တောင်သူ လယ်သမား အရေးတော်ပုံ ခေါင်းဆောင် ဂဠုန် ဆရာစံပုံ
photo: Internet

တောင်သူလယ်သမား အရေးတော်ပုံကို ဦးဆောင်ခဲ့တဲ့ ဆရာစံရဲ့ မွေးနေ့ သို့မဟုတ် တောင်သူလယ်သမား အရေးတော်ပုံ စတင်ခဲ့တဲ့နေ့ကို တောင်သူလယ် သမားနေ့အဖြစ် သတ်မှတ်ပေးစေချင်ကြောင်း ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့မှာ ကျင်းပတဲ့ တောင်သူလယ်သမားနေ့ အခမ်းအနား က ကြေညာချက် ထုတ်ပြန်ပါတယ်။

ရွာငံမှာကျင်းပတဲ့ တောင်သူလယ်သမားနေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာက တောင်သူ ကိုမင်းထွန်းက သူတို့ထုတ်ပြန်တဲ့ ကြေညာချက် အကြောင်း အခုလို ပြောပါတယ်။

"တောင်သူလယ်သမားနေ့ကို ပြန်လည် သတ်မှတ်ပေးရန်၊ မတ်လ ၂ ရက်နေ့ ကို တောင်သူလယ်သမားနေ့လို့ လက်မခံဘူးဗျာ၊ စစ်တပ်အာဏာ သိမ်းတဲ့နေ့ဖြစ်နေလို့ တောင်သူ လယ်သမား အစစ်အမှန်တွေရဲ့နေ့ကို အားလုံးက သဘောတူညီချက်ကိုယူပြီးတော့မှ ပြန်လည် သတ်မှတ်ချင်တဲ့သဘောပါ၊ တောင်သူလယ်သမားနေ့ကို ဆရာစံရဲ့ မွေးနေ့ သို့မဟုတ် ဆရာစံ ရဲ့ တော်လှန်ရေးစတဲ့နေ့ပေါ့"

ဒီနေ့ရွာငံမှာကျင်းပတဲ့ အခမ်းအနားကို ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်က ရွာပေါင်း ၂၉ ရွာက တောင်သူတွေ တက်ရောက်ခဲ့ပါတယ်။ အလားတူ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နဲ့ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။

၁၉၃၀ ခုနှစ် တောင်သူလယ်သမား အရေးတော်ပုံခေါင်းဆောင် ဆရာစံကို ၁၈၇၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ရွှေဘိုခရိုင် သရက်ကန်အရှေ့ရွာမှာ မွေးဖွားခဲ့ပါတယ်။ ဆရာစံဟာ တိုင်းရင်းဆေးဆရာအဖြစ် မြန်မာနိုင်ငံ အောက်ပြည်ဖက်မှာ လှည့်လည်ဆေးကုရင်း အဲဒီအချိန်က အမျိုးသားရေးကိုယ်စားပြု ဂျီစီဘီအေအသင်းမှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အင်္ဂလိပ်လက်အောက် တောင်သူတွေ ဆင်းရဲတွင်းနက်နေတဲ့ဘဝကို မခံမရပ်နိုင်တဲ့အတွက် ၁၉၃၀ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှာ သယာဝတီခရိုင် အင်းရွာ မကျည်းကုန်း ဘုန်းကြီးကျောင်းမှာ ဂဠုန်တပ်ဖွဲ့တွေကို စတင်ဖွဲ့စည်းပြီး အင်္ဂလိပ်ကို လက်နက်ကိုင် စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဆရာစံကို အင်္ဂလိပ်အစိုးရက ဖမ်းမိခဲ့ပြီး ၁၉၃၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ သာယာဝတီထောင်မှာ ကြိုးပေးကွက်မျက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။