စိုက်ပျိုးစရိတ်ချေးငွေ မမျှတမှု သမ္မတကြီးထံ တိုင်ကြား

ပဲခူးတိုင်း အနောက်ခြမ်း ဇီးကုန်းမြို့နယ်မှာ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးရာမှာ မမျှတမှုတွေ ညီတူညီမျှ မရှိမှုတွေကြောင့် ဆိတ်ဖူးကျင်း ကျေးရွာအုပ်စု ကန်ကြီးကျေးရွာက လယ်သမားကြီး ၄၄ ယောက်က သမ္မတကြီး အပါအဝင် ဗဟိုနဲ့ တိုင်းဒေသကြီး အာဏာပိုင်တွေကို ဒီကနေ့ တင်ပြ တိုင်ကြားလိုက်တယ်လို့လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်မြတ်သူက ပြောပြပါတယ်။

2012.07.30

"ကျွန်တော်တို့ ဇီးကုန်းမြို့ အရှေ့ဘက်မှာလေ၊ ကန်ကြီးကြိုးဝိုင်း ရှိတယ်လေ။ ကြိုးဝိုင်းပျက်သွားတဲ့ အခါကျတော့ အဲဒီမှာ ဝင်ပြီးတော့ လယ်တွေ လုပ်နေကြတာ တစ်ယောက်ကို ၁၀ ဧကတို့၊ ၅ ဧကတို့ အားလုံးပေါင်း ဧက ၅၀၀၀ နီးပါးခန့် ရှိပါတယ်။ အဲဒီ ဧက ၅၀၀၀ နီးပါးခန့်မှာ ဧက ၁၀၀ ကျော်ကျော်လောက်က စိုက်ပျိုးစရိတ်ကို မရရှိဘူးခင်ဗျ။ စိုက်ပျိုးငွေ ထုတ်မပေးတာ။ အဲတာကြောင့်မို့လို့ ဆိတ်ဖူးကျင်း ကျေးရွာအုပ်စု ကန်ကြီးကျေးရွာနေ လယ်သမားကြီး ၄၄ ဦးက သမ္မတကြီး အပါအဝင် ဌာနပေါင်း ၂၂ ဌာနကို ကျွန်တော်တို့ တိုင်ကြားပါတယ်ခင်ဗျ"

ခုလို ပြဿနာတွေ ဖြစ်ပေါ်ရမှုရဲ့ အခြေခံဟာ ကျေးရွာအဆင့် အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်ကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

"အုပ်ချုပ်ရေးမှူးတွေ၊ ဘဏ်ကော်မတီဝင်တွေ ရှိတယ်။ ရပ်ကျေးကနေပြီးတော့၊ အဲလူတွေက နေပြီးတော့ သူတို့က ဖြတ်စားလျှပ်စား လုပ်တာပေါ့။ ဘဏ်ချေးငွေ လိုချင်လို့ရှိရင် တစ်ဧကကို ၂၀၀ ပေးရမယ်လို့။ ကျွန်တော်တို့ မြို့နယ်မှာက အားလုံးပေါင်း ဧက ၅၀၀၀၀ လောက်ရှိတယ်ဆိုတော့နော်။ လယ်သမားနစ်နာတာပေါ့နော်။ နောက်တခုဖြစ်နေတာက ၁၀ ဧကရှိတဲ့သူကလည်း ၁၀ ဧက တန်ဖိုးကို မရဘူးပေါ့။ အဲဒီငွေတွေကို ဒီကျေးရွာ အုပ်ချုပ်ရေးမှူးရယ်၊ အောက်ခြေကရှိတဲ့ ဘဏ်ကော်မတီကနေပြီးတော့ သူတို့ ထုတ်သုံးတာပေါ့။ အတိုးနှုန်းက ၂ ကျပ်တိုးဆိုတော့"

ဇီးကုန်းမြို့နယ် ကန်ကလေး ကျေးရွာအုပ်စု၊ ကန်ကလေးကျေးရွာက လယ်သမားကြီး အယောက် ၂၀ က မိမိတို့စိုက်ပျိုးစရိတ် ချေးငွေများ မရရှိတဲ့ကိစ္စနဲ့ပတ်သက်လို့ အထက် အာဏာပိုင်တွေကို ပြီးခဲ့တဲ့ ရက်သတ္တပတ် တစ်ပတ်ကျော်က တင်ပြ တိုင်ကြားခဲ့ရာမှာ မြို့နယ် မြေစာရင်းဦးစီးဌာနက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကနေ့ခေါ်ယူ စစ်ဆေးနေတယ်လို့လည်း သိရှိရပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။