လယ်ဧက ငါးသောင်းကျော် အတွက် ဘားအံလယ်သမားတွေ တရားစွဲခံရ
2015.03.24
ကရင်ပြည်နယ် ဘားအံမြို့မှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေဧက ငါးသောင်းကျော် ပြန်လည်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုရာမှာ ပါဝင်သူ ၁၃ ဦးကို တရားမဝင်စီတန်း လှည့်လည်မှု ပုဒ်မ ၁၈နဲ့ ဘားအံမြို့နယ် မြို့မရဲစခန်းက တရားစွဲလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ရက်နေ့က ဘားအံမြို့မှာ လှည့်လည်ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ သံဃာ ၂ ပါးနဲ့ တောင်သူ ၁၁ ဦး ကို ပုဒ်မ ၁၈ နဲ့ တရားစွဲပြီး တစ်ဦးကို ကျပ် ငါးသိန်းစီနဲ့ အာမခံပေးထားတယ်လို့ တရားစွဲခံရသူတစ်ဦးဖြစ်သူ တောင်သူ လယ်သမား အကျိုးဆောင်ကွန်ရက်က ဦးကြည်လွင်က ပြောပါတယ်။
"အစိုးရအဆင့်ဆင့်ကို တောင်းကြတယ်၊ တောင်းတယ်၊ ဒါကို အစိုးရအဆင့်ဆင့်က ဘာမှမလုပ်ပေးဘဲနဲ့ သိမ်းထားတဲ့အတွက် ကျနော်တို့ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့သိမ်းထားတဲ့ လယ်တွေအား လုံးပြန်ရရေးကို အဓိကထားပြီး ဆန္ဒပြတာပါ၊ ဒါကို ကျနော်တို့ ၁၃ ဦးပေါ့နော်၊ သံဃာတော် ၂ ပါးပါတယ်၊ လူကအားလုံး ၁၁ ယောက် ပါပါတယ်၊ ခွင့်ပြူမိန့်မပါဘဲနဲ့ ကျတော်တို့ကို ဆန္ဒပြလို့ပါလို့ အကြောင်းပြချက်တော့ ပြတယ်ဗျ၊ အာမခံ သူတို့တောင်းတာကတော့ တရားရုံးကို လာပါ့မယ်ဆိုတဲ့ ခံဝန်ထိုး ခိုင်းသလို၊ ဒီအတွက်ကလဲ ၁ ယောက်ကို ၅ သိန်းနှုန်းနဲ့ အာမခံကျနော်တို့ လုပ်လိုက်ရတယ်"
အဲဒီဆန္ဒပြပွဲကို ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံးက ဦးဆောင်ပြီး ဒေသခံတောင်သူ ၃၀၀ ကျော် ပါဝင်ခဲ့ တာဖြစ်ပါတယ်။ ဆန္ဒပြပွဲအတွက် ဘားအံမြို့နယ် ရဲစခန်းမှာ ဆန္ဒပြခွင့်တင်ခဲ့ပေမဲ့၊ ခွင့်မပြုခဲ့ဘဲ ပုဒ်မ ၁၈ နဲ့ တရားစွဲခံ ထားရတာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ဝန်ကြီးဌာနတွေက သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ အတွက် ပြည်နယ်အစိုးရထံ တင်ပြခဲ့ပေ မဲ့၊ ဖြေရှင်းမပေးတာကြောင့် ဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတွေ က ပြောပါတယ်။