အများစုသဘောတူရင် အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ FDA တိုက်တွန်း
2014.06.04
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ သဘောမတူတဲ့အဖွဲ့ ရှိရင်တောင် အများစုကလက်ခံရင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ဆောင်ရွက်သင့်ကြောင်း ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့ဝင်တွေက မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေနဲ့ ဒီနေ့ တေ့ွဆုံစဉ် အကြံပြုခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် FDA အဖွဲ့တို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရာမှာ တင်ပြတာဖြစ်ကြောင်း FDA အဖွဲ့ဝင် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက ဦးမျိုးညွန့်က ပြောပါတယ်။
"အဖွဲ့က အခု ၁၇ ဖွဲ့လောက်ထိုးထားပြီ၊ နောက်ထပ်လည်းရှိသေးတယ်၊ အဲဒီအထဲမှာ ကျန်တဲ့ဟာလည်းကျန်နေမယ်၊ ကျန်ရင်ဘယ်လိုလုပ်မလဲ၊ ကျန်တာကိုလည်း ကျန်တဲ့အလျှောက်ပဲဖြစ်ပါစေ၊ ရသလောက်နဲ့ ဆက်သွားစေချင်ပါတယ်၊ ဥပမာ အဖွဲ့ ၃ဝ ရှိမယ်၊ ၃ ဖွဲ့ကျန်နေရင် တစ်နိုင်ငံလုံး အတိုင်းအတာ မဟုတ်ရတော့ဘူးလား၊ ဟုတ်ပါတယ်၊ အဲဒါကြောင့် အချို့ကျန်တာကိုလည်း ကျန်ပါစေ၊ ရသလောက်များများနဲ့ပဲ ဆက်သွားသင့်ပါတယ်လို့ ကျနော်တို့က အကြံပေးပါတယ်၊ သူတို့ကပြောပါတယ်၊ ကျန်တာတွေကိုလည်း တံခါးဖွင့်ထားမယ်၊ အများစုရပြီဆိုရင်လည်း ရှေ့ကိုဆက်သွားဖွယ်အကြောင်းလည်းရှိပါတယ်၊ ဒီလိုပြောပါတယ်"
ဒါ့အပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို FDA အဖွဲ့ဝင် ပါတီ ၁၁ ပါတီအပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ လူ့ဘောင်သစ်ပါတီ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။