အကျဉ်းသား သောင်းကျော်လွှတ်သော်လည်း နိုင်ငံရေးအကျဉ်းသား နည်းပါး

ဦးသိန်းစိန် အစိုးရ ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်အရ လွတ်မြောက်လာသူ အကျဉ်းသား တသောင်းခွဲလောက် ရှိတယ်လို့ ပြောဆိုနေပေမဲ့ ဒီအမိန့်ကြောင့် လွတ်ရက်စေ့ပြီး လွတ်လာမဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ အောက်ပဲ ရှိနိုင်တယ်လို့ သုံးသပ်သူတွေက ပြောဆိုနေပါတယ်။

2011.05.17
prisoners_amnesty_305_z.png အစိုးရသစ်၏ လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် မေလ ၁၇ ရက်နေ့တွင် နာမည်ကျော် အင်းစိန်ထောင်ကြီးမှ လွတ်မြောက်လာသော အကျဉ်းသားများ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းရဲ့ ပြောဆိုချက်အရ ဒီကနေ့ မြန်မာနိုင်ငံတဝန်းက လွတ်မြောက်သူ အမျိုးသမီး အကျဉ်းသား ၂,၁၆၆ ဦး ရှိတယ်လို့ AP သတင်းတရပ်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တနိုင်ငံလုံးအကျဉ်းထောင်တွေက လွတ်လာမဲ့ အကျဉ်းသား ၁၄,၆၀၀ ရှိတယ်လို့ သိရပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ အင်းစိန်ထောင်က နှစ်သုတ်ခွဲပြီး အကျဉ်းသား တထောင်ကျော်လောက် လွှတ်လိုက်တယ်လို့ စောင့်ကြည့်နေသူတွေက ပြောပါတယ်။

အခုထိ အင်းစိန်ထောင်က လွတ်လာသူတွေထဲမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားက ၆ ဦး ပဲ ရှိတယ်လို့ သိရပါတယ်။ မြန်မာတနိုင်ငံလုံးမှာ ဒီကနေ့ လွတ်ရက်စေ့ပြီး လွတ်လာသူ နိုင်ငံရေး အကျဉ်းသား ၂၀ ဦးလောက် ရှိမယ်လို့ ဒီနေ့ မနက်ပိုင်းက ခန့်မှန်းကြပါတယ်။ NLD ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းနဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုထွန်းမြင့်အောင်တို့က သူတို့ ရရှိထားတဲ့ လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသားတွေအကြောင်း အခုလို ပြောပြပါတယ်။

ဦးဉာဏ်ဝင်း။   ။ “သိရသလောက်တော့ မြစ်ကြီးနားထောင်က သာကေတ ဦးအောင်မြင့်ဆိုတာ လွတ်တယ်တဲ့၊ သူတို့ အကြောင်းကြားတယ်။ နောက် တောင်ငူထောင်က နော်အုန်းလှနဲ့ မြတ်သန်းထိုက်၊ နောက် ဖားအံထောင်က ၃ ယောက်၊ နာမည်တော့ ကျွန်တော် သိပ်မသိဘူး။”

ကိုထွန်းမြင့်အောင်။     ။ “အင်းစိန်ထောင်က လွတ်တာ ဆိုလို့ရှိရင် ကိုညီညီအောင် လွတ်တယ်၊ နောက် မမီးမီး လွတ်တယ်၊ မမီးမီးက ၈၈ က မမီးမီးတော့ မဟုတ်ဖူးပေါ့နော်။ နောက် မြင်းခြံထောင်က ကိုရဲမင်းဦး လွတ်တယ်၊ နောက်ပြီးတော့ ခန္တီးထောင်က ဆိုလို့ရှိရင် ဦးကျော်ညွန့် လွတ်တယ်၊ ကိုစိုင်းမြင့်သိန်း လွတ်တယ်၊ ပေါင်းတည်က ကိုဇင်လင်းအောင်၊ ပူတာအိုက မသန္တာ၊ ထက်ထက်ဦးဝေ၊ မမြမြသိန်း၊ နောက် မိုင်းဆတ်ထောင်က ကိုကျော်ဆန်း လွတ်တယ်လို့ ကြားတယ်၊ ရမည်းသင်းက ကိုငွေစိုး။”

ဦၤးဉာဏ်ဝင်းနဲ့ ကိုထွန်းမြင့်အောင်တို့ ပြောပြကြတာပါ။ အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းကို လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ဦးရှိပါသလဲလို့ AP သတင်းဌာန က မေးမြန်းရာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ဖြေကြားကြောင်း သိရပါတယ်။

လေ့လာသူတွေကတော့ အစိုးရထုတ်ပြန်တဲ့ ကြေညာချက်ဟာ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ရအောင် တမင် ဆောင်ရွက်တာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

အခုထုတ်ပြန်တဲ့ ကြေညာချက်အရ အဖမ်းဆီးခံနေရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ထောက်လှမ်းရေး အရာရှိ တော်တော်များများကတော့ လွတ်မြောက်လာကြတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။