မြန်မာ့ဒီမိုကရေစီရေး ဆက်လက်ထောက်ခံဖို့ ဖိလစ်ပိုင်အမတ်တိုက်တွန်း

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် အကောင်ထည်ဖော်ဆောင်ရေး ဆက်လက် အားပေးပံ့ပိုးသွားဖို့ ဖိလစ်ပိုင် အထက် လွှတ်တော် အမတ် Loren Legarda က ဖိလစ်ပိုင်အစိုးရကို တိုက်တွန်း လိုက်ပါတယ်။

2011.01.10
Anti-election_demo_philippines_305_z.jpg မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လိုလားသူများက ရွေးကောက်ပွဲ မဲမပေးရေး လှုံ့ဆော် တိုက်တွန်းနေခြင်းကို ထောက်ခံသည့်အနေဖြင့် အောက်တိုဘာ ၂၂ ရက်နေ့က ဖိလိပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနရှေ့တွင် Free Burma Coalition အဖွဲ့ဝင်များ ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့က ရန်ကုန် မြို့မှာ လူချင်းတွေ့ဆုံခဲ့တဲ့ ဖိလစ်ပိုင် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ Mr. Legarda က ဇန်နဝါရီ ၉ ရက် မနေ့က နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

အာဖရိကတိုက်က အိုင်ဗရီကို့စ် နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေမှာ ဒေသဆိုင်ရာ အာဖရိကနိုင်ငံများအဖွဲ့က အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိသလိုမျိုး၊ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ထွန်းကားရေးမှာ အာဆီယံအဖွဲ့ကြီးဟာ မရှိမဖြစ် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိကြောင်း သူနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံမှာ အားလုံး ပါဝင်ခွင့် ရှိတဲ့ ရွေးကောက်ပွဲမျိုး ကျင်းပမှသာ သူ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း ပြောကြားတယ်လို့လည်း ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ဖွံ့ဖြိုးရေးအတွက် အရေးကြီးတဲ့ ဒီမိုကရေစီစနစ် အိမ်နီးချင်းနိုင်ငံတွေမှာ ထွန်းကားလာရေး ကျရာကဏ္ဍက ပါဝင်ဖို့လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်ရေး ကိုယ်တိုင် တောင်းဆိုခဲ့တဲ့အတွက် ဖိလစ်ပိုင်သမတ အကွီနိုကို ကျေးဇူးတင်တယ်လို့လည်း ပြောခဲ့ကြောင်း၊ ဖိလစ်ပိုင်ပြည်သူတွေ ခံစားနေရတဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ အခွင့်အရေးမျိုး အိမ်နီးချင်းနိုင်ငံတွေမှာ ရရှိလာရေး ဖိလစ်ပိုင်က ဆက်လက် ကူညီထောက်ခံ သွားဖို့ လိုပါကြောင်း အထက်လွှတ်တော်အမတ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။