လွိုင်ကော်မြို့နယ် ကွန်နားနဲ့ နောင်လုံရွာမှာ အိမ် ၂၀ ကျော် မီးလောင်

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့အရှေ့ဘက် ကွန်နားရွာနဲ့ နောင်လုံရွာထဲကို စစ်ကောင်စီတပ်တွေ ဟာ ဒီဇင်ဘာ ၁၉ နဲ့ ၂၀ နှစ်ရက်ဆက်တိုက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး အိမ် ၂၂ လုံးလည်း မီးလောင် ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်တွေရော စပါးကျီတွေပါ မီးလောင်တဲ့အထဲ ပါကုန်တယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ဒီနေ့ နေ့လယ်ပိုင်းက RFA ကို ပြောပါတယ်။
"ကျနော်တို့ရွာကိုတော့ ဒီမနက်မှာ မီးရှို့သွားတယ်။ မီးတွေက ခုနအထိလောင်သေးတယ်။ ပြာကျကုန်ပြီ"
အဲဒီနှစ်ရွာဟာ ရွာချင်းဆက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့လို့ အနီးအနားက ရွာပေါင်း (၁၂) ရွာက ဒေသခံ ငါးထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ် (၆) မိုင်ရွာအုပ်စု ဝပ်လထွားရွာမှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်က စစ်ကောင်စီ တပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNDF ပူးပေါင်းတပ်တို့ ငါးကြိမ်ထက် မနည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်က ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ကယား (ကရင်နီ) ပြည်နယ်ထဲ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ချိန်ကစပြီး လူနေအိမ် စုစုပေါင်း ၂၆၅ လုံး၊ ဘာသာရေး အဆောက်အအုံ ခြောက်လုံး၊ ကျေးလက်ဆေးပေးခန်းတစ်ခု မီးရှို့ဖျက်ဆီး ခံရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ပြုစုထားတဲ့စာရင်းအရ သိရပါတယ်။