မန္တလေးမှာ နေအိမ် သုံးဆယ်ကျော် မီးလောင်မှုကြောင့် ဒေသခံ နှစ်ရာခန့် အိုးမဲ့အိမ်မဲ့ဖြစ်

RFA Burmese
2024.05.11
မန္တလေးမှာ နေအိမ် သုံးဆယ်ကျော် မီးလောင်မှုကြောင့် ဒေသခံ နှစ်ရာခန့် အိုးမဲ့အိမ်မဲ့ဖြစ် မန္တလေးတိုင်း၊ အောင်မြေသာစံမြိုန့ယ်၊ သိမ်ကုန်းရပ်ကွက်တွင် ၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့က မီးလောင်ကျွမ်းခဲ့စဉ်။
Citizen Journalist

မန္တလေးတိုင်း၊ အောင်မြေသာစံမြိုန့ယ်၊ သိမ်ကုန်းရပ်ကွက်မှာ မေလ ၁၀ ရက်နေ့က မီးလောင်မှုကြောင့် နေအိမ် ၃၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံနှစ်ရာဝန်းကျင် အိုးအိမ်မဲ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်တွေဆုံးရှုံးခဲ့တဲ့ မီးဘေးသင့်ဒေသခံတွေကို မြောက်ပြင်ရပ်ကွက်၊ အရိပ်မထွက်ဘုရားမှာ နေရာချထားပေးပြီး စားရေးသောက်ရေးကအစ လူမှုကူညီရေးအသင်းတွေကပဲ ကူညီပေးနေတယ်လို့ ဆိုပါတယ်။

လျှပ်စစ်မီးမလာတာကြောင့် မီးသွေးမီးဖိုနဲ့ ထမင်း၊ ဟင်းချက်ပြီးနောက် မီးမငြှိမ်းမိခဲ့ရာကနေ မီးလောင်ခဲ့တာလို့ မီးလောင်မှုကို ကိုယ်တိုင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မီးဖိုကနေ စလောင်တယ်လို့ သိရတယ်။ အိမ်တွေက အကုန်လုံးနီးပါးက ထရံအိမ်တွေပေါ့။ ပြီးတော့ ဘေးချင်းလည်း ကပ်နေတာဆိုတော့ မီးကူးတာမြန်တယ်။ လေကလည်း တိုက်နေတာဆိုတော့ ပိုဆိုးတာပေါ့"

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ မန္တလေးခရိုင် မီးသတ်ဦးစီးဌာနရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ မီးသွေးနဲ့မီးဖိုပြီး မီးမငြှိမ်းခဲ့တဲ့ အိမ်ရှင်ဖြစ်သူ ဦးထွန်းအောင်ဆိုသူကို အမှတ် (၃) နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၂၈၅) နဲ့ အမှုဖွင့်ထားတယ်လို့ မေလ ၁၁ ရက်နေ့မှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။