မြို့ ၁၅ မြို့မှာ စိုးရိမ်ရေမှတ်ကျော်နေပြီး နောက်သုံးမြို့မှာလည်း ရေကြီးမှုတွေ ဆက်ဖြစ်နိုင်

RFA Burmese
2024.07.09
မြို့ ၁၅ မြို့မှာ စိုးရိမ်ရေမှတ်ကျော်နေပြီး နောက်သုံးမြို့မှာလည်း ရေကြီးမှုတွေ ဆက်ဖြစ်နိုင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် နေအိမ်နစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။
Facebook/ သုညသုခ ပရဟိတ လူငယ် အသင်း

စစ်ကိုင်း၊ မန္တလေးနဲ့ ကချင်ပြည်နယ်က မြို့ပေါင်း ၁၅ မြို့မှာ စိုးရိမ်ရေမှတ် ကျော်နေပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက်က မြင်းမူ၊ ပခုက္ကူနဲ့ ညောင်ဦးမြို့တွေမှာလည်း ရေကြီးမှုတွေ ဆက်ဖြစ်လာမယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းတွင်း၊ ဧရာဝတီနဲ့ ဒုဋ္ဌဝတီ မြစ်ရေတွေ ဆက်တိုက်တိုးလာနေပြီး ရေကြီးရေလျှံမှုတွေ ဖြစ်နေတာပါ။ မြင်းမူ၊ ပခုက္ကူနဲ့ ညောင်ဦးမြို့တွေမှာ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်တယ်လို့လည်း မိုး/ဇလဌာနက အသိပေးထားပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာတော့ ဇူလိုင်လ ၈ ရက်နေ့ကစလို့ ချင်းတွင်းမြစ်ရေမြင့်တက်ပြီး ရေကြီးမှုနဲ့ ကြုံနေရတာကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ညက ချက်ချင်းကြီး ရေတွေက တက်လာတာ။ အဲဒါ ဒီမနက် ရေက ရင်ခေါင်းလောက်အထိ ရောက်နေပြီ။ အခုက ရွာမှာမနေတော့ဘဲ လယ်အခင်းတွေထဲ ပြောင်းနေတယ်။ အဲဒီဘက်တွေကျတော့ ရေမရောက်နိုင်ဘူး။ စုပြုံပြီး နေကြတာတော့ မဟုတ်ဘူး ကိုယ့်လယ်ထဲ၊ အခင်းထဲမှာ ယာယီဆောက်ထားတဲ့ နေစရာတွေမှာ နေကြတယ်”

စစ်ဘေးကြုံနေရတဲ့ စစ်ကိုင်းတိုင်းထဲမှာ မြစ်ရေကြီးမှုကြောင့် ရေဘေးပါထပ်ပြီး ကြုံလာရမယ့်အခြေအနေရှိတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ မိုး/ဇလ ဌာနကတော့ ချင်းတွင်း၊ ဧရာဝတီနဲ့ ဒုဋ္ဌဝတီ မြစ်ကမ်းတစ်လျှောက်နေထိုင်သူတွေ သတိပြုနေထိုင်ကြဖို့ အသိပေးထားပါတယ်။

ဇွန်လကုန်ကစလို့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း သုံးသောင်းထက်နည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပြီး ချောင်းကူးတံတားတွေ ကျိုးကျပျက်စီးတာ၊ နေအိမ်တွေ ရာနဲ့ချီပြီး ရေထဲ မျောပါပျက်စီးတာနဲ့ လူသေဆုံးမှုတွေအထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။