ကော့ကရိတ်က စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဖိအားပေးခံရ

RFA Burmese
2024.05.24
ကော့ကရိတ်က စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဖိအားပေးခံရ ကော့ကရိတ်မြို့ စျေးအား ၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်နေ့က တွေ့ရစဥ်။
Facebook/ဒေါနခရီးသွား ဧည့်သည်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေပြီး နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ကြဖို့ စစ်ကောင်စီရဲ့ ဒေသအာဏာပိုင်တွေက ဖိအားပေးနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက မေ ၂၄ ရက်နေ့မှာ RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ဖိအားပေးနေတာဖြစ်ပြီး နေရပ်ပြန်မလာသေးလို့ လူမရှိတဲ့နေအိမ်တွေကို ချိပ်ပိတ်သိမ်းယူမယ်လို့ ချိန်းခြောက်တာတွေလည်း လုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ကပြန်ပြီးတော့ နေခိုင်းတယ်။ တကယ်လို့ ပြန်မနေဘူးဆိုရင် အိမ်တွေကို ပြည်သူပိုင် ပိတ်သိမ်းမယ်။ ချိပ်ပိတ်မယ်လို့ ပြောတယ်။ စစ်ရှောင်တွေနေတဲ့ အဓိကအားဖြင့် သာမညမြို့နယ် ကော့ကဒါရွာက အုပ်ချုပ်ရေးမှူးက စစ်ရှောင်တွေကို အစည်းအဝေးလုပ်ပြီး ရွာမှာ လက်မခံတော့ဘူးဆိုတဲ့ ပုံစံမျိုးတွေနဲ့ ပြန်ခိုင်းတယ်။ ဘယ်နှစ်ရက်အတွင်း အပြီးပြောင်းဆိုပြီး ပြောတယ်။ တချို့လက်ခံထားတဲ့ရွာတွေက အဲဒီလိုပြန်ခိုင်းတော့ တချို့မှာ ကြောက်ကြောက်လန့်လန့်နဲ့ ကော့ကရိတ်မှာ ပြန်နေရတာမျိုးရှိတယ်”

အခုလိုဖိအားပေး နေရပ်ပြန်ခိုင်းတာတွေကြောင့် ကော့ကရိတ်မြို့ပေါ်အပါအဝင် အနီးတစ်ဝိုက်ရွာတွေက တိမ်းရှောင်နေရတဲ့ နှစ်သောင်းခန့်က နေရပ်ပြန်သွားကြပြီလို့လည်း ဆိုပါတယ်။

စစ်ကောင်စီကတော့ ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ကြောင်း ပြသဖို့အတွက် ဒေသခံတွေကို နေရပ်ပြန်ခေါ်နေတာလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲတွေအတွင်း မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် စစ်ကောင်စီက ထောက်ပံ့ကြေးပေးမယ်ဆိုပြီး လိုက်လံစာရင်းကောက်တာတွေရှိပေမဲ့ ဒီနေ့အထိ ထောက်ပံ့တာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်မြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးတော့ နေအိမ်မီးလောင်သွားလို့ ပြန်စရာအိမ်မရှိကြောင်း RFA ကို ပြောပါတယ်။

“အခုပြန်ဖို့ကလည်း အိမ်ကမီးထဲပါသွားပြီ။ လက်ရှိမှာ နယ်မြေက မအေးချမ်းသေးတော့ မပြန်ရဲသေးဘူး။ ဘယ်အချိန်တိုက်ပွဲ ပြန်ဖြစ်မလဲလည်း မသိဘူးလေ”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကော့ကရိတ်မြို့က လေးလကျော် ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ရပ်ကွက်ခုနစ်ခုက နေအိမ်ခြောက်ရာကျော် မီးလောင်ခဲ့ပြီး ကော့ကရိတ်မြို့အပါအဝင် မြို့အနီးအနား ရွာတွေက ဒေသခံ ငါးသောင်းနီးပါး ရေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။